Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 22 July 2009

Myo Yan Naung Thein- July Dream



၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

ဇူလိုင် ၇ ရက်နေ့ အလည်တခေါက် ပြန်ရောက်လာပြန်ပြီ။ ဒီတစ်ခါတော့ အင်္ဂါနေ့ပေါ့။ ဇူလိုင်အိပ်မက်လည်း ဒုတိယနှစ်ထဲ ၀င်လာပြီ။ မြန်မာ့သမိုင်းမှာ ဒေါင်းပျိုတွေ သွေးမြေခခဲ့တဲ့ ဒီနေ့ရက်ကို မမေ့နိုင်ကြသေးသလို အခုချိန်ထိ တိုက်ပွဲဝင်ဆဲ နှစ် ၂၀ က ဒေါင်းပျိုတွေလည်း အိုတော့ပါမယ်။ မျိုးဆက်သစ် ဒေါင်းပျိုတွေလည်း သမိုင်းတာဝန် လက်ဆင့်ကမ်း ယူနေကြတာလည်း တွေ့ရမှာပါ။ နေ့တွေညတွေ တစ်လှည့်စီ ဖြတ်သန်းပြီး အချိန်တွေ ကုန်သွားခဲ့ပေမယ့် လုပ်ရပ်တိုင်းဟာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့မှာတော့ ငြင်းမရပါဘူး။

ဒီနေရာမှာ ကိုယ်ရေးကိုယ်တာတွေ ရေးနေတာ များတော့လည်း အကြွားပိုတယ်ဆိုပြီး အမြင်ကပ်တဲ့သူလည်း ကပ်လောက်ပါပြီ။ ဓါတ်ပုံတွေ ရိုက်ပြီး ရေးချင်တာတွေ လျှောက်ရေးနေခဲ့လို့ မျက်စိနောက်နေတဲ့လူလည်း ရှိလောက်ပါပြီ။ ခြံစည်းရိုး ခွထိုင်လို့ဆိုပြီး ဆဲတဲ့သူတွေလည်း ဆဲကြပါတယ်။ ပေါတောတော လုပ်လိုက် ခပ်တည်တည်ကြီး နေလိုက်နဲ့ စာဖတ်သူတွေလည်း အရူးလင်လုပ်ရသလို ဖြစ်နေပါပြီ။ အဲဒီလို သည်းခံခဲ့ရတဲ့ မကောင်းသူရော ကောင်းသူရော၊ ရှိရှိသမျှ ပုပုကွကွ သွယ်သွယ်လျလျ အိုကြီးရွတ်တွ နုပျိုလှပ စာဖတ်သူ ဆဲသူ သောက်မြင်ကပ်သူ အားလုံးကို ကျွန်တော်ဇူလိုင် ကျေးဇူးမတင် ဖင်လှန်ပြတာမျိုး မဖြစ်ရလေအောင် ကျေးဇူးတင် စကားတော့ ပြောချင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်လို့ လိုရင်တိုရှင်းပဲ ပြောလိုက်ပါတော့မယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဒီနေ့ဒီရက်မှာတော့ ကျောင်းတော်ကြီးက သူငယ်ချင်းကြီးကို သတိတော့ ရမိသားဗျ။ သူလည်း အကျဉ်းစံ ဒေါင်းပျိုပဲလေ။ အခုချိန်မှာတော့ အင်းစိန် ထောင်တွင်း တစ်နေရာရာမှာပေါ့။ သူက ကျွန်တော့်ထက် အသက် ခုနစ်နှစ်ကျော် ကြီးတယ်။ ကံတရားက မထင်မှတ်ပဲ ဆုံတွေ့ခွင့် ပေးခဲ့တော့လည်း ဟိုမရောက် ဒီမရောက် ဘာမှကို မဟုတ်တဲ့ ကျွန်တော့်လိုကောင်နဲ့ သူငယ်ချင်း လာဖြစ်ကြတယ်။ သူဆိုတာက မျိုးရန်နောင်သိန်းပါ။ စက်မှုတက္ကသိုလ် ဗိသုကာ ကျောင်းသားပေါ့။ ကျွန်တော်တို့ကတော့ သူ့ကို S One (S1) လို့ ခေါ်ပါတယ်။ အတွင်းရေးမှူး ၁ ပေါ့ဗျာ။ သူက ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်လုပ်ခဲ့လို့ ၁၉၉၇ မှာ ထောင် ခုနစ်နှစ် ချခံလိုက်ရပါတယ်။




Photo Credit: Facebook

၂၀၀၃ မှာ ကျွန်တော် နယူးဒေလီက ပြန်လာတော့ သူ... ထောင်က ပြန်လွှတ်လာပြီ။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာဆိုတော့ ထောင်က လွှတ်လာတော့ ၀ိုင်တီယူမှာ စတုတ္ထနှစ်ကနေ ပြန်တက်ခွင့်ရပါတယ်။ ကံကောင်းချင်တော့ နည်းပညာတက္ကသိုလ်မှာ နောက်ဆုံးအသုတ်က စတုတ္ထနှစ်ဖြစ်နေပါပြီ။ သူသာ ၂၀၀၄ မှ ထောင်က ထွက်လာရရင် တက်စရာအတန်း မရှိတော့ပါဘူး။ ၀ိုင်အိုင်တီမှာ ဒုတိယနှစ်၊ တတိယနှစ် တက်ရင်းနဲ့ ထောင်ကျခဲ့တဲ့ သူတွေမှာ တက်စရာ အတန်းမရှိတော့လို့ ကျောင်း ဆက်မတက်ဖြစ်တော့ပါဘူး။

ကျွန်တော်လည်း ကုလားပြည်က ပြန်လာတာဆိုတော့ ကျောင်းစာတွေ မစုံပါဘူး။ စာမေးပွဲက နောက်အပတ် တနလာင်္နေ့။ ပြန်ရောက်တာက သောကြာနေ့။ ကြားထဲမှာ စာလုပ်ဖို့ ၃ ရက်ပဲ အချိန်ရှိတယ်။ အဲဒီတော့ မေဂျာတူ သူငယ်ချင်းအရင်းတွေကို အပူကပ်ရတာပေါ့။ မိုင်နာဘာသာတွေအတွက် မြို့ပြအင်ဂျင်နီယာဌာနက ဆရာစိုးစိုးကို အပီအပြင် ဒုက္ခပေးခဲ့တယ်။ ဆရာ့အိမ်မှာပဲ အိပ်ပြီး စာလုပ်ခဲ့တယ်။ စာမေးပွဲ ပြီးတော့လည်း ဒီဇိုင်းပရောဂျက်တွေ လုပ်ဖို့ ကျန်သေးတယ်။ မူလတန်းကျောင်းရယ် စာကြည့်တိုက်ရယ် ဆေးရုံရယ် ဒီဇိုင်း ဆွဲရမယ်။ အဲဒီမှာ မဗေဒါရဲ့အစ်မလတ် နေ့မနား ညမနား ပုံကူဆွဲပေးခဲ့ရှာတယ်။ စာတမ်းတွေလည်း တင်ရသေးတယ်။ ဒီလိုနဲ့ စတုတ္ထနှစ် အောင်စာရင်း ထွက်လာရော။ ကျွန်တော်ကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်ပါတယ်။

အဲဒီမှာ ကိုရန်နောင်ကြီး ကျပါတယ်။ အဲဒီလို ကျတဲ့သူတွေကို စာမေးပွဲ နောက်တစ်ခါ ပြန်ဖြေခွင့် ပေးပါတယ်။ အဲဒီအတွက် သူ ကြိုးပမ်းရှာပါတယ်။ သူငယ်ချင်းတစ်ယောက်က ချိတ်ပေးလို့ သူ့ ကျွန်တော်ဆီမှာ အကူအညီ တောင်းပါတယ်။ ကျောင်းစာတွေ ရှင်းပြပေးဖို့။ စာတမ်းမှာ ၀ိုင်းကူပေးဖို့။ ဒီဇိုင်းတွေအတွက် ပုံကူဆွဲပေးဖို့။ ကျွန်တော်ကလည်း စတုတ္ထနှစ်မှာ ကျောင်းတက်ထားတာ မဟုတ်တော့ သူ့ကို ကူညီပေးဖို့ ခက်လှပါတယ်။ ဒါပေမယ့် ကျွန်တော်က အတန်းထဲက တခြားသူငယ်ချင်းတွေကို သူ့အတွက် အကူအညီ တောင်းပေးနိုင်မှန်း သူသိထားတယ်။ အတန်းထဲက လူတွေက ထောင်ထွက် သူ့ကို နည်းနည်းစိမ်းနေသလားပဲ။ အဆက်အဆံ သိပ်မရှိလှဘူးလို့ ထင်မိတယ်။။ အဲဒီတော့ ကျွန်တော်က ကြားပွဲစား လုပ်ပေးလိုက်ပါတယ်။

စာတော်တဲ့ သူငယ်ချင်းတွေဆီက ကျောင်းစာတွေ မိတ္တူဆွဲပါတယ်။ စာမေးပွဲအတွက် အဓိက လေ့လာရမယ့် အပိုင်းလောက်ပဲ မိတ္တူကူးပြီး တွက်ချက်ပုံတွေကို တခါတည်း ရှင်းပြခိုင်းတယ်။ ပြီးတော့ ကျွန်တော်က ကိုရန်နောင်ကို ပြန်ရှင်းပေးပါတယ်။ စာတမ်းအတွက် သူငယ်ချင်း အချို့ကို ကူခိုင်းပါတယ်။ ကျွန်တော်က စာစီပေးပါတယ်။ ဒီဇိုင်းအတွက်တော့ မယ်ကိုးတို့ မဗေဒါအစ်မတို့ ၀ိုင်းဆွဲပေးကြပါတယ်။ အဲဒါတွေ အချိန်မှီ ပြီးဖို့အတွက် ကြားထဲကနေ တောင်ပြေး မြောက်ပြေး လုပ်ခဲ့ပေးတာကတော့ ကျွန်တော်ဇူလိုင်ပါပဲ။ ကျွန်တော် လုပ်နိုင်သလောက် သူ့ကို လုပ်ပေးလိုက်တာ သူ စတုတ္ထနှစ် စာမေးပွဲ အောင်သွားပါတယ်။ ဌာနက ဆရာ ဆရာမတွေရဲ့ စေတနာလည်း သူ့အပေါ် ရှိကြမှာပါ။ ဒီလိုနဲ့ တစ်တန်းပြီး တစ်တန်း တက်လာခဲ့လိုက်တာ ကိုရန်နောင်တစ်ယောက် နည်းပညာတက္ကသိုလ်ကနေ ဗိသုကာဘွဲ့ ရသွားပါတယ်။

ထောင်ကနေ ထွက်လာအပြီးမှာ ထောင်ကျဆိုပြီး သိမ်ငယ်မနေပဲ ကိုယ့်အောက် အသက်အများကြီး ငယ်တဲ့ အတန်းဖော်တွေရဲ့ အကူအညီနဲ့ ဗိသုကာဘွဲ့ကို ရအောင်ယူပြသွားတဲ့ သူ့ကို လေးစားမိပါတယ်။ ဒူးမထောက် လက်မမြှောက်တတ်တဲ့ သူ့ရဲ့ စိတ်ဓါတ်ကို သဘောကျမိပါတယ်။ သူက စကားပြောရင်လည်း နှိမ့်နှိမ့်ချချ ပြောတတ်ပါတယ်။ သူ့ကို အားကျမိတဲ့ နောက်တစ်ခုက ဘာသာစကား ကျွမ်းကျင်မှုပါ။ အင်္ဂလိပ် ပြင်သစ် စပိန် ဘာသာသုံးမျိုးကို မွှတ်နေအောင် ပြောနိုင်ပါတယ်။ လှည်းတန်းက သူ့အိမ်မှာလည်း စကားပြော သင်တန်းလေး ဖွင့်ထားပါသေးတယ်။

တခါတလေ လှည်းတန်းဘူတာမှာ ဆရာရွှေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ကိုရန်နောင်လည်း ပါတတ်တယ်။ ကျောင်းပြီးတဲ့ နောက်ပိုင်းမှာလည်း သူ့အိမ်ကို အလည်အပတ် ရောက်ဖြစ်သေးတယ်။ သူ့ဆီ သွားလည်တိုင်း သူ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် လိုက်တိုက်လေ့ရှိတယ်။ လက်ဖက်ရည်ဆိုင် သွားရင် သူ့ရဲ့တူလေးကို ခေါ်လာတတ်တယ်။ ချမ်းသာလွန်းတာလည်း မဟုတ်ပဲနဲ့ အမြဲတမ်းလိုလို လက်ဖက်ရည်ဖိုး ရှင်းနေလို့ တခါတလေမှာ ကျွန်တော်တို့က လုပြီး ပိုက်ဆံ ရှင်းနေရတယ်။

သူ့ပုံစံက ကာတွန်းဝိဇ္ဇာရေးတဲ့ တာယာပွကြီး ဆိုတဲ့ ဇာတ်ကောင်နဲ့တောင် တူသလိုလိုပဲ။ အဲဒီလိုဆိုတော့လည်း သွားခေါခေါနဲ့ ရုပ်ဆိုးတဲ့ ကျွန်တော်က နေထက်ပူပြင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ တူသွားပြန်ရောဗျ။ အခုချိန်မှာ ဗိုက်ကလည်း ပူနေတဲ့အပြင် အပျင်းကလည်း ကြီးနေတော့ ပူပြင်းဆိုတဲ့ ဇာတ်ကောင်နဲ့ ကျွန်တော့်ပုံစံ ကွက်တိဖြစ်နေပြီပေါ့လေ။

သူနဲ့ ပတ်သက်ပြီး သတိထားမိတာက ကျွန်တော်တို့ကို နိုင်ငံရေးအကြောင်း သိပ်မပြောပါဘူး။ နိုင်ငံရေး ဆွယ်တရားတွေလည်း မဟောပါဘူး။ သူ့စကားထဲမှာ လက်ရှိအစိုးရကို အမြင်မကြည်တဲ့ အကြောင်းတော့ အရိပ်အမြွတ်လောက် ပါတာမျိုးပဲ ရှိတယ်။ ဒါတောင် မကျေနပ်ချက်တွေ များလွန်းလို့ ပွင့်အန်ထွက်လာတဲ့ တစ်ခွန်းစ နှစ်ခွန်းစ စကားတွေပါ။ သုမနကျောမှာ အရှိုးရာတွေ မနည်းခဲ့တဲ့ သူဆိုတော့လည်း စကားကို အတော်လေး ထိန်းပြောပါတယ်။ တခါတလေလည်း ဆေးပေါ့လိပ်ခဲပြီး တစ်ခုခုကို တွေးငေးနေတတ်တယ်။

သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ကျောင်းမှာ ပြင်သစ်စကား လေ့လာခွင့် ရလိုက်တယ်။သူ့ကျေးဇူးနဲ့ပဲ သံရုံးက ဦးစီးကျင်းပတဲ့ ပွဲလမ်းသဘင်တွေ တက်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ရုပ်သေးပွဲတွေ ကြည့်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ဂီတသံစဉ်တချို့ကို ထိတွေ့ခွင့်ရခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ထောင်တွင်း အတွေ့အကြုံတွေ ကြားဖူးနားဝ ရှိသွားတယ်။

သူ့ကျေးဇူးနဲ့ပဲ ကျွန်တော် မျက်လုံးတွေအောက် ရောက်ခဲ့ရတယ်။ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်း ရောက်သွားခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ဒုရဲအုပ်ရှေ့မှာ စစ်ချက် ပေးခဲ့ဖူးတယ်။

သူ... ထောင်က ထွက်လာခဲ့တုန်းက ခြေမသန်တော့ဘူး။ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတယ်။ ဆေးပေါ့လိပ်ကလည်း သောက်သေးတယ်။ ဒီတော့လည်း ချောင်းကလည်း ဆိုးတာပေါ့။ ကျန်းမာရေးလည်း ထူထူထောင်ထောင် မရှိလှဘူး။ မြင်လိုက်ရရင် ယဲ့တဲ့တဲ့လေးပါပဲ။ အဲဒီလောက် ဖြစ်နေတာတောင် ၂၀၀၇ စက်တင်ဘာမှာ လမ်းလျှောက် ထွက်လိုက်သေးတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်နဲ့ခန္ဓာကို ချိုးနှိမ်ထားထား ဦးမကျိုးတဲ့ ပုံစံဆိုတာ ဒါမျိုးပဲလား။

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တဲ့အမှုနဲ့ ကိုရန်နောင်တစ်ယောက် ၂၀၀၇ ဒီဇင်ဘာမှာ ပြန်အဖမ်းခံလိုက်ရတယ်။ ဒုတိယအကြိမ်မြောက် ထောင်ကျသွားပြန်တယ်။ အခုတော့ အင်းစိန် ထောင်ထဲမှာပေါ့။ သေချာပါတယ် သူ... လုံးဝ ဒူးမထောက် လက်မမြှောက်ပါဘူး။ ကျွန်တော်တို့ တစ်နေ့နေ့မှာ ပြန်ဆုံအုံးမှာပါဗျာ။

၂၀၀၉ ဆဲဗင်း ဇူလိုင် အမှတ်တရလေးပါ။


http://moemaka.com/index.php?option=com_content&task=view&id=4422&Itemid=41

No comments: