Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 3 July 2009

ကျန်းမာရေး သတိပေးချက်
ပထမဆုံး A/H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိကြောင်း အတည်ပြုကြေညာ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသော A/H1N1တုပ်ကွေး ကူးစက်ရောဂါသည် မြန်မာနိုင်ငံသို့လည်း ပြန့်နှံ့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးတွင် အဆိုပါရောဂါပိုး ကူးစက်ခံထားရကြောင်း နိုင်ငံပိုင်သတင်းဌာနများက ကြေညာသည်။ အဆိုပါ မိန်းကလေးသည် စင်္ကာပူနိုင်ငံမှ ဇွန်လ(၂၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် လေယာဉ်ခရီးစဉ် 3k 585ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ထိုစဉ်က သူမထံတွင် ရောဂါပိုး ကူးစက်ထားသည့် လက္ခဏာမျိုး မတွေ့ခဲ့ရချေ။ သို့သော် ယင်းမိန်းကလေးမှာ ညနေပိုင်း သူမ၏ tutorialအခန်းသို့ ရောက်ရှိလာချိန်တွင် အပြင်းဖျားလာပြီး အခြေအနေ ဆိုးလာသောကြောင့် ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။ ဆေးရုံမှ တာဝန်ရှိသူများက လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မိန်းကလေးသည် A/H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားကြောင်း အတည်ပြုကြေညာခဲ့သည်။ ယခုအခါ မိန်းကလေး၏ မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများ အားလုံးတို့ကို သီးသန့်ခွဲထားပြီး သတိပြု စောင့်ရှောက်ထားကြောင်း သိရသည်။ မိန်းကလေးနှင့်အတူ လေယာဉ်ခရီးစဉ်တွင် လိုက်ပါလာသည့် အခြားခရီးသည် (၉၁)ဦးကိုလည်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ စောင့်ကြည့်မည်ဖြစ်ကြောင်း ဆေးရုံအသိုင်းအ၀ိုင်းက ဆိုသည်။ အဆိုပါ မိန်းကလေးသည် ဇွန်လ(၂၁)ရက်နေ့က မိသားစုနှင့် စင်္ကာပူသို့ ခေတ္တသွားရောက်ပြီး ပြန်လာချိန်တွင် ယခုကဲ့သို့ ရောဂါကူးစက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ နိုင်ငံအတွင်း A/H1N1ကို ပထမဆုံး တွေ့ရှိပြီးနောက် မြန်မာ့ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်များသည် ကူးစက်နှုန်း လျင်မြန်ပြင်းထန်သော အဆိုပါ ဗိုင်းရပ်စ်ကို တားဆီးကာကွယ်နိုင်ရေး ပိုမိုအားထည့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ကြေညာသွားသည်။ ကျန်းမာရေး ၀န်ကြီးဌာနသည် A/H1N1ဗိုင်းရပ်စ်ကို နိုင်ငံအတွင်း မတွေ့ရှိရမီ ဧပြီလ(၂၅)ရက်နေ့ကတည်းက လေဆိပ်၊ သင်္ဘောဆိပ်နှင့် နယ်စပ်ကူးသန်းရောင်းဝယ်ရေး ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်းလည်း သိရှိရသည်။ ဇွန်လ(၂၆)ရက်နေ့ WHO၏ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း A/H1N1ဗိုင်းရပ်စ် ကူးစက်ခံနေရသူ (၅၉,၈၁၄)ဦးရှိပြီး သေဆုံးသူ(၂၆၃)ဦးရှိပြီဖြစ်သည်။

ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတိပေးနှိုးဆော်ချက်

၁။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိသည်။ ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ၂၀၀၉ခုနှစ် ဇွန် ၁၁ ရက်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ပျံ့နှံ့ကူးစက်ကာ ဓာတ်ခွဲခန်းစမ်းသပ် အတည်ပြုချက်အရ ၂၈၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ(Human Influenza Pandemic) ဖြစ်ပွားနေကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။

၂။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ ကူးစက်မြန်ခြင်းနှင့် တုပ်ကွေးဗိုင်းရပ်စ် အသစ်ဖြစ်၍ လူအများတွင် ခံနိုင်ရည်စွမ်းအား မရှိသေးခြင်းတို့ကြောင့် အောက်ပါအန္တရာယ်များကို ကြုံတွေ့ရမည်။

(က) အသက်အရွယ်မရွေး ရောဂါဖြစ်ပွားခြင်း၊

(ခ) ကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊ အဆုတ်နှင့် ဆီးချိုစသည့် နာတာရှည်ရောဂါရှိသူများနှင့် ခုခံအားကျဆင်းမှုရှိသူများတွင် အသက်ဆုံးရှုံးမှု ပိုမိုများပြားနိုင်ခြင်း၊

(ဂ) တုပ်ကွေးလူနာမျာ လျင်မြန်စွာများပြားလာခြင်းကြောင့် ဆေးဝါး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ဖြစ်ပေါ်ခြင်း၊

(ဃ) စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊

(င) ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လူအများ စုဝေးဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကျောင်းများ၊ ဘာသာရေးပွဲများနှင့် ပွဲလမ်းသဘင်များကို ပိတ်ပင်တားဆီးရန် လိုအပ်လာနိုင်ခြင်း၊

(စ) နိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ကြုံတွေ့လာနိုင်ခြင်း၊

၃။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ၏ အန္တရာယ်များကို ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများ လျော့နည်းရန်အတွက် အောက်ဖော်ပြပါ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံးက လိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးသည်။

(က) ပြည်သူ တစ်ဦးချင်းအနေဖြင့် ဆောင်ရွက်ရန်

တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊

- နှာချေ၊ ချောင်းဆိုးလျင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊

- လက်ကိုဆပ်ပြဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊

- ကောင်းစာအိပ်စက်အနားယူခြင်း၊

- အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊

- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊

- လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊

- လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

- အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊

- ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ (၆)ပေအကွာတွင် နေထိုင်ခြင်း၊

- ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့် ပါးစပ် နှာခေါင်းစည်း(Surgical Mask)ကို အသုံးပြုခြင်း၊

- ရောဂါရှိသူ၏နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

- မိမိတွင် ရောဂါလက္ခဏာများရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့ အကူအညီတောင်းခံခြင်းများ ပြုလုပ်ရမည်။

(ခ) စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင်

အဆောင်အအုံများ လေဝင်လေထွက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ခြင်း၊

- ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊

- အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊

- လူ့အသုံးအဆောင်ပစ္စည်းများ၊ လှေကား၊ ဓာတ်လှေကား၊ နံရံများနှင့် ရုံးတွင်းပရိဘောဂများကို တစ်နေ့(၂)ကြိမ်မှ (၃)ကြိမ် ပိုးသန့်စင်ခြင်း၊

- စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လှူုမှုရေးရိပ်သာနှင့် ဂေဟာများတွင် နေထိုင်ဆောင်ရွက်သူများ အားလုံး၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုခြင်း၊

- တစ်ဦးဦးတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၄) တုပ်ကွေးရောဂါ (သို့မဟုတ်) အလားတူ ဖျားနာရောဂါ ဖြစ်ပွားသူသည် အောက်ပါအတိုင်း နေထိုင်ရမည်။

- လူနာအနေဖြင့် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ထားရမည်၊

- အခြားသူများသို့ မကူးစက်ရေးအတွက် မိမိအိမ်တွင်ပင် နေထိုင်ရမည်၊

- ရုံး၊ ကျောင်း၊ လုပ်ငန်းခွင်နှင့် ခရီးသွားလားခြင်းများကို ရှောင်ကြဉ်ရမည်၊

- နှာချေ၊ ချောင်းဆိုးလျင် တစ်သျှူး (သို့မဟုတ်) လက်ကိုင်ပဝါ အသုံးပြုရမည်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရမည်၊

- အာဟာရဖြစ်သော အစားအစာများစားရန်နှင့် အရည်များများ သောက်ရမည်၊

- လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ရမည်၊

- ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်၊

- ရောဂါကူးစက်မှုသည် ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ (၁၀)ရက်ကြာသည်အထိ ကူးစက်နိုင်သည်။

(၅) မိသားစုအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူအား အောက်ပါအတိုင်း ပြုစုရမည်။

- လူနာကို လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိရမည်၊ အခြေအနေပေးပါက သီးသန့်အခန်းတွင် ထားရှိသင့်သည်၊

- ဖျားနာသူအား အနီးကပ် စောင့်ရှောက်သူများသည် ပါးစပ် နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်ရမည်၊ ဖြစ်နိုင်ပါက ပလတ်စတစ်ရင်ကာ ခါးစည်း(Apron)ကိုလည်း အသုံးပြုနိုင်သည်၊

- လူနာအသုံးအဆောင်ပစ္စည်းများ၊ အသုံးပြုပြီးသော ပါးစပ် နှခေါင်းစည်းနှင့် လက်အိတ်များ စသည်တို့ကို 0.5% available chlorine ရရှိစေရန် Bleaching Powder ဟင်းစားဇွန်းနှစ်ဇွန်းကို ရေတစ်လီတာဖြင့် ဖျော်စပ်၍ မိနစ်(၃ဝ)ခန့် စိမ်ထားရမည်၊ မရှိလျှင် ရေနွေးဖြင့် ပြုတ်လျှော်ရမည်၊

- လူနာပြုစုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်၊ ဖြစ်နိုင်လျှင် အရက်ပြန်(Alcohol rub) အသုံးပြုနိုင်သည်၊

- လူနာနှင့် အနီးကပ်ပြုစုသူများ၏ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဌာနသို့ သတင်းပို့ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်၊

၆။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ ကမ္ဘာလူတုပ်ကွေးကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း နှိုးဆော်အပ်ပါသည်။



Swine Flu (H1N1)ဗိုင်းရပ်စ်အတွက် Foxသတင်းဌာန၏ အကြံပြုချက် (၁၀)ချက်

ကမ္ဘာနှင့်တ၀ှမ်းတွင် ခြိမ်းခြောက်နေသည့် ဝက်တုပ်ကွေးခေါ် Swine Flu(H1N1)ဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်း(၁၀)ခုကို Foxသတင်းဌာနက ယခုကဲ့သို့ အကြံပြု ဖော်ပြထားသည်။

၁။ Swine Flu(H1N1)ကို ကာကွယ်ဖို့ အခြေခံအကျဆုံးမှာ လက်ဆေးရန်ဖြစ်သည်။ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ စက္ကန့်(၂၀)မျှကြာအောင် လက်ကြိုလက်ကြား နေရာများအထိ ဆပ်ပြာသုံးပြီး သန့်စင်သောရေဖြင့် ဆေးကြောပါ။ ထိုအခါ လက်တွင်ကပ်ငြိနေနိုင်သော ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပြီးသား ဖြစ်သွားလိမ့်မည်ဟု လောင်းအိုင်းလန်းကောလိပ်ဆေးရုံမှ လက်ထောက်ပါမောက္ခ ဒေါက်တာကလစ်ဖို့ ဘတ်ဆက်က ပြောကြားခဲ့သည်။

၂။ ရေမရှိလျင် (သို့မဟုတ်) ရေအလွယ်တကူမရလျင် အယ်လ်ကိုဟောပါဝင်သည့် Sanitizerတစ်မျိုးဖြင့် လက်ကိုခဏခဏ ပွတ်ပေးပါ။ ထိုဂျယ်သည် ရေရှားသော အရပ်များတွင် လက်ကိုဆေးကြောရန် အသုံးဝင်သော ဓာတုဓာတ်ပေါင်းမျိုးဖြစ်သည်။ လက်ကိုဂျယ်နှင့် ပွတ်ပြီးချိန်တွင် လေထဲတွင် ခါယမ်းပြီး လေသလပ်ကာ အခြောက်ခံပါ။ ထိုဂျယ်တွင်ပါသော အယ်လ်ကိုဟောဓာတ်က လက်တွင်ရှိသော တုပ်ကွေးရောဂါပိုးများကို သတ်ဖြတ်နိုင်ပါလိုက်မည်။ သို့သော်လည်း လက်တွင်လိမ်းသည့် ဆေးရည်တိုင်း ပိုးသတ်နိုင်သည့် အစွမ်းသတ္တိမရှိကြောင်း သတိပြုသင့်ပါသည်။

၃။ နှာစေးလျင်၊ ချောင်းဆိုးလျင် နှာခေါင်းနှင့်ပါးစပ်ကို ကာထားပါ။ ဒေါက်တာဘက်ဆက်က နှာစေးနေသည့် အချိန်များတွင် လက်ကိုမျက်နှာနှင့် နှာခေါင်းများအား မကြာခဏ မပွတ်သင့်ကြောင်း အကြံပြုခဲ့သည်။ လက်တွင်ကပ်နေသည့် တုပ်ကွေးဗိုင်းရပ်စ်များသည် မျက်နှာတွင်ရှိသည့် အစိတ်အပိုင်းများမှတဆင့် ခန္ဓာကိုယ်ထဲ ပြန့်နှံ့ဝင်ရောက်သွားနိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် နှာစေး၊ နှာရည်ယိုသဖြင့် နှပ်ညှစ်ပြီးလျင်လည်း လက်ကို စင်စင်ကြယ်ကြယ်ဖြစ်အောင် သတိပြုဆေးကြောရန် ဒေါက်တာဘက်ဆက်က သတိပေးခဲ့သည်။

၎။ ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါရှင်များ ရှိနေသည်ဟု သံသယရှိပါက နှာခေါင်းနှင့် ပါးစပ်များကို ကာကွယ်ပေးသည့် မျက်နှာဖုံး(Mask)များအား အသုံးပြုသင့်ပါသည်။

၅။ အကယ်၍ တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် လက္ခဏာများ ပေါ်ပေါက်လာပြီး ဖျားနာနေပြီဆိုလျင် အိမ်တွင် နားနေသင့်ပါသည်။ လူများသောနေရာများနှင့် အလုပ်ခွင်သို့ သွားရောက်ခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။

၆။ ဗီတာမင်စီ(C)ကို ဖြည့်ဆည်းပေးနိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကို မှီဝဲရပါမည်။ ဗီတာမင်စီ(C)သည် တုပ်ကွေးကို ဟန့်တားနိုင်သည်ဟု ပညာရှင်များက လက်ခံယုံကြည်ထားသည်။

၇။ ညီညွတ်မျှတသော အစာအာဟာရကို ဖြည့်တင်းစားသောက်ပါ။ အာဟာရပြည့်အောင် စားသောက်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့သည် လူ့ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေသည်။ များများအနားယူခြင်းသည် တုပ်ကွေးကို ချေဖျက်နိုင်မည့် အကောင်းဆုံးလုပ်ဆောင်မှု တစ်ခုဆိုသည်ကို သိထားသင့်ပါသည်။

၈။ ကလေးငယ်များကို ကျန်းမာရေးနှင့်လျော်ညီအောင် နေထိုင်ကျင့်ကြံတတ်သည့် အလေ့အကျင့် ပျိုးထောင်ပေးပါ။ ၎င်းတို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသည် မည်မျှအရေးပါကြောင်း ကလေးများ သိရှိသင့်ပါသည်။

၉။ ပရိဘောဂ အသုံးအဆောင်များ၊ ခန္ဓာကိုယ်နှင့် ထိတွေ့မှုများမည့် နေရာများကို သန့်ရှင်းစွာထားပါ။ ပိုးသတ်ဆေးဖြန်းပါ။ တုပ်ကွေးဗိုင်းရပ်စ်များသည် စားပွဲမျက်နှာပြင်များ၊ ကွန်ပျူတာကီးဘုတ်များစသည့် လူ့လက်နှင့် မကြာခဏထိတွေ့နိုင်သည့် နေရာများတွင် နာရီအတန်ကြာ ရှင်သန်နေနိုင်သည့် အစွမ်းရှိသည်။

၁၀။ ရောဂါဖြစ်ပွားနေကြောင်း သေချာခဲ့ပြီဆိုလျင် နီးစပ်ရာ ကျန်းမာရေးဌာနများဆီသို့ အမြန်ဆုံးသွားရောက်ပြီး လိုအပ်သော ဆေးဝါးကုသမှုများ ခံယူသင့်ပါသည်။

No comments: