“အမယ်မင်း .. အစွယ်လိုသူ ချိုကုပ်ဒူးကြီး ..၊ အသွားစေခိုင်းသူ ငရွှေ ..၊ သူ့ဘာသာသူ ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဒီဇာတ်လမ်းတော်ကြီးမှာ ကျနော်မျိုး မောင်ယက်ထော လေးက မြေဇာပင်ပါခင်ဗျာ ..
မြေဇာပင် ပါခင်ဗျ”“ကတ်”
ရုပ်ရှင်ရိုက်ကွင်းတခုတွင် ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ပါ ရောက်နေကြခြင်း ဖြစ်သည် ...။ ဦးရုက္ခစိုးကို လူတယောက်က လက်ယပ်လှမ်းခေါ် နေသဖြင့် ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေသည်။
ချိုကုပ်။ ။ ဦးရုက္ခစိုး ရောက်လာပြီလား .. လာဗျာ .. ကျနော်ကတော့ သိပ်မအားဘူး။ ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ပဲ ဒါရိုက်တာလုပ် .. ကိုယ်တိုင်သရုပ်ဆောင်ဆိုတော့ တော်တော်လေး ပင်ပန်းတယ်ဗျ။
ရုက္ခစိုး။ ။ ဒီဘက်က မှန်ထိုးပေးနေတဲ့ နားရွက်ကားကား အရပ်ကလန်ကလားနဲ့က ဘယ်သူလဲဗျ .. မြင်ဖူးသလိုပဲ။
ချိုကုပ်။ ။ အဲဒါ မောင်ကွေးလေ .. သူ့အခန်းက မပါသေးတော့ မှန်ထိုးခိုင်းထားတာ။ ဟေ့ကောင် ပင့်ထိုး .. ပင့်ထိုး .. ပင့်ထိုးမှ ပေါ်တာကွ .. (မောင်ကွေးဘက်သို့ လှည့်ပြောကာ ဦးရုက္ခစိုး ဘက်သို့ လှည့်လိုက် ပြန်သည်) အဲလိုပဲ ဦးရုက္ခစိုးရေ .. နေရာတကာ ကျနော်မပါလို့ကို မပြီးဘူး။
ရုက္ခစိုး။ ။ ဒါနဲ့ ဒီနေ့အခန်းက ဘာလဲဗျ .. ယက်ထောကို ရိုက်စစ် .. အဲ ယောင်လို့ ယက်ထောအခန်း ရိုက်မှာလား။
ချိုကုတ်။ ။ ဟုတ်တယ်လေ .. ဒီနေ့ရိုက်မယ့်အပိုင်းက ကျနော်တို့ နေပြည်တော် လူကြမ်းတွေ အစွမ်း ကြောင့် မြေဇာပင်ဖြစ်သွားတဲ့ မောင်ယက်ထောလေး အကြောင်းပေါ့။
ထိုစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ သူတို့တခါမှ မမြင်ဘူးသော အင်းစိန်ထောင်ထဲမှ တရားခွင်မြင်ကွင်း ရိုက်ကွင်းကို လိုက်လေ့လာနေရာမှ ဦးရုက္ခစိုးတို့ရှိရာ ချဉ်းကပ်လာသည်။
ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးကို တခုမေးပါရစေ .. ဘယ်လိုစိတ်ကူးနဲ့ ဒီဇာတ်ကား ရိုက်တာလဲဗျ။ နောက်ပြီး မင်းသားလည်းမပါဘူး .. လူကြမ်းအဖွဲ့ချည်းပဲ ဆိုတော့ တမျိုးဖြစ်မနေဘူးလား။
ချိုကုပ်။ ။ မောင်ရင်တို့ အဲဒါခက်တာပဲ .. အင်တာနေရှင်နယ် မျက်စိနဲ့ ကြည့်စမ်းပါ။ ခုခေတ်က လူကြမ်းတွေခေတ် ဖြစ်နေပြီ ..။ ကျုပ်တပည့်ကြီး မောင်နေပြင်းတို့၊ ဟိုချာတိတ်ကလေး မောင်ဖင်တွန့်တို့ လက်ထက် တုန်းကသာ မင်းသားနည်းနည်း ထည့်သုံးတာ။ ကျုပ်က သူတို့ထက် သာချင်၊ ကမ္ဘာကျော် ချင်တာလေ .. ကောင်းတာလုပ်ပြီး ကမ္ဘာကျော်ဖို့ သိပ်မမြင်တော့ .. လူကြမ်းအနေနဲ့ ကမ္ဘာကျော်အောင်လုပ်ဖို့ ဒီအစီအစဉ်ကို ဆွဲလိုက်တာပဲ။ ဟဲဟဲ အကြံပိုင်သော ငရွှေနော် ..။
ဖိုးရှုပ်။ ။ တရားခွင်ဆက်တင်က အတုလား အစစ်လားဗျ။
ချိုကုပ်။ ။ အစစ်လေ .. ။ ကျုပ်က အစစ်ပဲသုံးတာ၊ ဒါပေမယ့် အစစ်ကိုက ပြဇာတ်ဆန်ဆန်ပဲ .. ဟဲဟဲ .. တကယ့် တရားခွင်အစစ်ဆိုတာလည်း ရှိမှမရှိတာဘဲဟာ .. အားလုံးက ဖန်တီးထားတာချည်းပဲ။
ကြွက်စုတ်။ ။ သြော် သြော် မှတ်သားလောက်ပါပေတယ်ဗျာ။ ဟိုးတခေတ်တခါက သမ္မတ လူကြမ်း အဖွဲ့ဆိုပြီးခေတ်စားတယ်၊ နောက်တော့ ကိုလူချောတို့ အဖွဲ့တဲ့ ခု နေပြည်တော်လူကြမ်းအဖွဲ့ဆိုပြီး အဲဒီနေရာကို ယူမှာလား။
ကြွက်စုတ်မေးခွန်းကြောင့် ချိုကုပ်ဒူးကြီး၏ တစက်မှကြည့်မကောင်းသော မျက်နှာကြီး မဲ့ရှုံ့သွားသည်။
“ဒီမျက်ခွက်နဲ့ဆိုရင်တော့ အော်စကာဆုတော့မသိဘူး အော်ကျောလန်ဆုတော့ ရမှာသေချာတယ်” ဟု ဦးရုက္ခစိုး တွေးလိုက်သည်။
ချိုကုပ်။ ။ ဖွတ် .. ဘာကိစ္စ ဒီလူကြမ်းတွေ နေရာယူရမှာလဲ .. အသေးအဖွဲတွေဥစ္စာ ..။ ကျုပ်က ဒေဝဒတ်တို့ .. ဟစ်တလာတို့ .. ဆဒမ်ဟူစိန်တို့လို ကမ္ဘာကျော်လူကြမ်းတွေ နေရာယူမှာ ..။
ရုက္ခစိုး။ ။ လူမုန်းများမယ့် အလုပ်ကြီးနော် .. ချိုကုပ်ဒူးကြီး .. စဉ်းစားပါဦး ..။ ခင်ဗျားရဲ့ ဇာတ်လမ်း အရဆို .. တော်တော်လေး ဇာတ်နာနေပြီ ..။ ဒီလောက်ကြီး ဇာတ်နာနေတာတောင် ထပ်ပြီး ဇာတ်နာခိုင်း ဦးမလို့လား။
ချိုကုပ်။ ။ အခြေအနေအရ ဇာတ်နာရတာဗျ ..။ ကျုပ်က နာအောင်မလုပ်ရင် ကျုပ်ကို နာအောင် လုပ်ကြတော့မှာလေ ..။ ဒီတော့ ကျုပ်က ကြမ်းပစ်လိုက်၊ ရမ်းပစ်ရမယ် .. ။ ခဏလေးဗျာ ဦးရုက္ခစိုး နည်းနည်း ညွှန်ကြားလိုက်ဦးမယ် ..။ ပြန်စမယ်ဟေ့ .. ကင်မရာကိုင်ထားတဲ့ ဂျပု ဆော်ကြမ်း .. သေချာနားထောင် .. ယက်ထောကို ချိန်ထားမယ် ..။ ဟိုကောင် .. ရဲညင့်ပြောင် မင်းမျက်ခွက်ကြီး ကင်မရာထဲ မဝင်စေနဲ့ .. အသံပဲ ယူမယ် .. ခပ်ဝေးဝေးကနေ .. ငါ သင်ထားတဲ့အတိုင်း အော်ပြော .. လိပ်ခေါင်းထွက်အောင် အော်နော် ..။
ရဲညင့်ပြောင်။ ။ ဟုတ်ကဲ့ပါ ချိုကုပ်ဒူးကြီး။
ချိုကုပ်ဒူးကြီး၏ အံ့မခန်း ကမ္ဘာကျော်ရိုက်ကွင်းကို ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တအံ့တသြ အငေးသား ကြည့်နေကြရသည်။
ချိုကုပ်။ ။ ကဲ စအော်ပြောတော့။ ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင် ..
ရဲညင့်ပြောင်။ ။ ဒီမှာ ယက်ထောကြီး .. ခင်ဗျားနဲ့ ဒေါ်စုက သမီးရည်းစားတွေမို့လို့ ခုလို တကူးတက ရေကူး ဝင်တာမဟုတ်လား .. ဘူး .. ထွား .. ဟားဟားဟား ..။
ယက်ထော။ ။ မဟုတ်ရပါဘူးဗျာ .. ။ ခင်ဗျားတို့ သွားခိုင်းလို့လည်း သွားရသေးတယ် .. ။ ဒီဇာတ်လမ်းက ပြီးသွားရင်ဘာဖြစ်မယ်ဆိုတာ သိပြီးသား .. ဆက်မပါချင်တော့ဘူးဗျာ .. ကျုပ်ထွက်မယ် ..။
ချိုကုပ်။ ။ ဟာ .. ဟေ့လူ .. သင်ထားတဲ့အတိုင်းပြောလေ .. ဘယ့်နှယ် မဟုတ်တာတွေ လျှောက်ပြော နေရတာလဲ .. ဟေ့ .. ရိုက်ကွင်းခဏနားမယ်။ ပြီးရင် အာဆီယံကို ကလော်ဆဲတဲ့ အခန်း ရိုက်မယ် ဟေ့ ..။ ဉာဏ်ပျင်းကို အဆင်သင့် ပြင်ခိုင်းထား။
မောသွားဟန်ဖြင့် ခြေပစ်လက်ပစ် ထိုင်လိုက်သော ချိုကုပ်ဒူးကြီးကို သူ့ကတော်အမေကွိုင်က ချွေးလာသုတ် ပေးသည်။
ဦးရုက္ခစိုး။ ။ ခင်ဗျားရဲ့ ဇာတ်လမ်းက ဘယ်လိုဆက်မှာလဲ လုပ်ပါဦး ချိုကုပ်ဒူးကြီးရဲ့ .. တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ။
ဦးရုက္ခစိုး၏ အမေးကို ချိုကုပ်ဒူးကြီးက သွားများဖြဲ၍ပြုံးကာ ပြန်ဖြေသည်။
ချိုကုပ်။ ။ ဒီလိုဗျ ..၊ ကျုပ်ရဲ့ ဗျူဟာက .. အဲလေ ဇာတ်ညွှန်းက ဘာမှ မခက်ဘူး .. မြန်မာဗီဒီယို ကားတွေကိုပဲ မှီးထားတာပါ။ ခုမြန်မာကားတွေက ဖက်ဆစ် ဂျပန်လက်ထက် လွတ်လပ်ရေးမရခင်က ကားတွေ ရိုက်ကြတယ်မဟုတ်လား .. အဲဒီအတိုင်းပဲ။
ဖိုးရှုပ်။ ။ ဟာ အံ့မခန်းဘဲဗျာ။ ရှင်းပါဦး။
ချိုကုပ်။ ။ ကျုပ်က သူတို့ထက် သာတယ်ဗျ .. အဲဒီကားထဲက လူကြမ်းတွေ ဘယ်လို ယုတ်မာလဲ၊ ဘယ်လောက်ကြမ်းသလဲ .. ပျင်းတောင် ပျင်းသေးတယ် .. ကျုပ်က သူတို့ထက်ပိုယုတ်တယ်ဗျ။
ကြွက်စုတ်။ ။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းလာပြီ။
ချိုကုတ်။ ။ ဟဲဟဲ မှတ်ထားကြ။ ဖက်ဆစ်ဂျပန်တွေက အလိုတော်ရိတွေ ထားတယ်၊ ကျုပ်က စွမ်းအားရှင်ပါဝါရိန်းဂျားတွေ၊ ကြံ့ဖွတ်တွေ ထားတယ်၊ အဲဒီကားတွေထဲမှာ ဖက်ဆစ် ဂျပန်တွေက ဦးနှောက်မရှိတော့ လူတွေကို နှိပ်စက်တယ်၊ အသေသတ်တယ်၊ ကျုပ်က ဦးနှောက်ရှိတော့ လူထုကို နှိပ်စက်ပေမယ့် အသေမသတ်ဘူး .. မသေမရှင်လေး ဖြစ်အောင် ညှဉ်းဆဲထားတယ်။ ပညာခန်းတွေနော် .. ငှီးငှီး။
ဦးရုက္ခစိုး။ ။ ခင်ဗျားဇာတ်ညွှန်းက နည်းနည်းလွဲနေတယ်ထင်တယ်နော် ချိုကုပ်ဒူးကြီး .. ၊ ခင်ဗျားရဲ့ လုံခြုံရေးတွေကိုတော့ အရေးမယူထားဘူး။ လူတွေက ထောက်စရာ ဖြစ်မနေဘူးလား ယုတ္တိမရှိဘူးဆိုပြီး။
ချိုကုပ်။ ။ ယုတ္တိဟုတ်လား .. ဘာယုတ္တိရှိဖို့ လိုလို့လဲဗျာ .. အစကတည်းက ဇာတ်ဆန်ဆန် ဆင်ထား တာပဲဥစ္စာ ..။ ကောင်မလေးကို စောင့်တဲ့ လုံခြုံရေးတွေကို ဇာတ်လမ်းအရ ရာထူးတိုးပြီး နယ်ပြောင်း ပေးလိုက်တယ်လေ တော်ပြီပေါ့။
ထိုစဉ် အခန်းထဲသို့ အာဏာပါးကွက်သားပုံစံ ဝတ်ထားသော လူတယောက် ဝင်လာသည်။ သူ့နောက်မှ ဓားထမ်းလာသူ အသားမည်းမည်း မျက်လုံးပြူးပြူးနှင့် ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် လူတယောက်လည်း ပါသည်။ ထိုသူကိုကြည့်ပြီး ကြွက်စုတ်က ထအော်လိုက်သည် “ဟာ .. လူရွှင်တော် မန်းဝင်းကြီးပါလား”
ချိုကုပ်။ ။ ဟာ ဘယ်ကမန်းဝင်းကမှာလဲ .. အဲဒါက ကြွက်ချုပ် စပ်ဖြဲ ဟ ..၊ မန်းဝင်းနဲ့နှိုင်းတော့ မန်းဝင်း သိက္ခာကျ တာပေါ့။ မလုပ်နဲ့လေ။ သူ့ရှေ့က သူ့ဆရာ ပြည်ထဲရေး မူးအောင် .. သူတို့က အဓိကပဲ .. မင်းသမီးကို အပီအပြင်နှိပ်စက်မယ့် အာဏာ ပါးကွက်သားတွေပေါ့။ ကဲကဲ မူးအောင်နဲ့ စပ်ဖြဲ ဟိုထောင့်မှာ ခဏ ထိုင်စောင့် ဦးကွာ .. မင်းတို့အလှည့် ရောက်တော့မှာ ..။
ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးဇာတ်လမ်းက တဖြည်းဖြည်း ပုံပေါ်လာပြီဗျ။ ကျုပ်တောင် မဖတ်ဘဲနဲ့ သဘော ပေါက်လာပြီ။ ဒီလို အောက်တန်းကျပြီး ပြည့်တန်ဆာတန်းက အမှုဆင်နည်းမျိုးကို ဘယ်ကများ ရှာဖွေတွေ့ရှိထား တာလဲဗျာ ..။
ချိုကုပ်။ ။ ဒါကတော့ဗျာ .. ကျုပ်ရဲ့ ဆရာ့ဆရာတွေ လမ်းစဉ်ကိုလိုက်၊ သူတို့ထဲက မကောင်းတာ မှန်သမျှယူ .. အဲဒါကို မော်ဒီဖိုင်းလုပ် .. ပိုပိုသာသာလေး ယုတ်မာလိုက်တာပါပဲ။ မခက်ပါဘူး။ ဟဲဟဲ .. ဟစ်တလာကြီးက ပြောတယ်မဟုတ်လား ညာရင် အစွမ်းကုန်ညာတဲ့ ..။ ကျုပ်က ယုတ်ရင် အစွမ်းကုန်ယုတ် ဆိုတဲ့ နည်းကို သုံးတာ။ ကျုပ်ဇာတ်လမ်းကို ဘယ်လောက်တောင် အံ့သြနေကြလဲတော့မသိဘူး .. အရင်က ကောင်မလေး ခေါင်းမာတယ် ပြောတဲ့သူတွေတောင် ပါးစပ်တွေ ပိတ်နေတာသာကြည့် .. ဘာသံမှကို မကြားရဘူး။
ထိုစဉ် အရေးအကြီးဆုံးအခန်းကို ရိုက်ဖို့ ပြင်ကြသည် .. ။ တရားခွင်မြင်ကွင်းဖြစ်သည်။ သတင်းထောက်များ၊ သံတမန်များ အပါဝင် ချိုကုပ်ဒူးကြီး၏ နေပြည်တော်လူကြမ်းအဖွဲ့ထဲမှ လူကြမ်းကြီး၊ လူကြမ်းကလေးများပါ ဝင်လာ ကြသည်။ ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စိတ်ဝင်တစား ကြည့်နေကြရသည်။
ချိုကုပ်။ ။ ကဲကဲ တခါးမပွင့်တပွင့် တရားခွင်ခန်း ရိုက်မယ် .. မင်းသမီး အသင့်ပြင်ပါ။ အထဲက စောင့်နေရမယ့်သူတွေ အားလုံးလည်း ရယ်ဒီ .. အာဏာပါးကွက်သားတွေလည်း နေရာယူပါ .. ပြောထားတဲ့ အတိုင်းနော် .. ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင်။
အခန်းတခန်းလုံး တိတ်ဆိတ်သွားသည်။ မင်းသမီးက ခပ်ဖြည်းဖြည်း ဝင်လာသည် .. အခန်းထဲတွင် ရှိနေသည့် နေပြည်တော် လူကြမ်းကြီးများ၊ လူကြမ်းကလေးများ၊ လူကြမ်းမများအားလုံး ထိုင်ရာမှ အရိုအသေပေးသည့် အနေဖြင့် တပြိုင်နက်တည်း ထရပ်လိုက်ကြသည်။ ပြီးတော့ တပြိုင်နက်တည်း အော်သံကြီး ဟိန်းထွက်လာသည်။
လူကြမ်းများ။ ။ နိုင်ငံ့ အနာဂတ် ခေါင်းဆောင်ကို ကြိုဆိုပါတယ်။
ချိုကုပ်။ ။ ဟာဟာ .. ဟေ့ လူကြမ်းအဖွဲ့ .. နင်တို့ကို လုပ်ခိုင်းတဲ့ထဲမှာ အဲဒါ မပါဘူးလေ .. ။ အောင်မငီး .. မှားကုန်တော့မှာပဲ .. ရပ် .. ရပ် .. ဟေး ကင်မရာ .. ဆော်ကြမ်း၊ ဂျပု၊ မူးအောင်တို့ .. ဘာလုပ်နေကြတာလဲ .. ဆက်မရိုက်နဲ့လေ ..။ တော်တော့ဟ .. ဦးရုက္ခစိုးရေ .. ကယ်ပါဦးဗျ ..။
ချိုကုပ်ဒူးကြီး ပြာလောင်ခတ်ကာ အရူးချေးပန်း လျှောက်အော်နေသည်ကို ကြည့်၍ ဦးရုက္ခစိုးတို့ သုံးဦးစလုံး မတိုင်ပင်ဘဲ တပြိုင်နက်တည်း အော်လိုက်ကြသည် ..
“ကတ်” … ။ ။
ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။
No comments:
Post a Comment