Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 28 January 2009

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်

(မဇ္ဈိမ)။ ။ အကျယ်ချုပ်နှင့် ပတ်သက်ပြီး လျှောက်လှဲချက်အပေါ် ဆွေးနွေးလိုပါသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးရန်အတွက် နေပြည်တော်ရှိ ရှေ့နေချုပ်ရုံးသို့ အင်္ဂါနေ့တွင် လာရောက်ပါရန် ရန်ကုန် သတင်းရဲတပ်ဖွဲ့က ဦးကြည်ဝင်းကို လွန်ခဲ့သည့် စနေနေ့တွင် အကြောင်းကြားခဲ့သည်။

နေထိုင်မကောင်းဖြစ်နေသော ဦးကြည်ဝင်းမှာ သွားရောက်နိုင်ခြင်း မရှိသည့်အတွက် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်ကို ကိုယ်စားလွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့သည်။ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဦးလှမျိုးမြင့်က ခရီးထွက်ရန် ဘူတာရုံသို့ အဆင်းတွင် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သတင်းရဲတပ်ဖွဲ့ အရာရှိများက အကြောင်းကြားခဲ့သည်။

"တင်္နလာနေ့မှာ (ဦး) လှမျိုးမြင့်က နေပြည်တော်သွားဖို့ ရထားပေါ် တက်မလို့ လုပ်တုံး အက်စ်ဘီအရာရှိတွေ ရောက်လာပြီး မသွားတော့ဖို့ တားတယ်" ဟု ဦးကြည်ဝင်းက ပြောသည်။

"အက်စ်ဘီအပြောအရတော့ လျောက်လှဲချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့တဲ့" ဟု ဦးကြည်ဝင်းက ပြောရင်း အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်တွင် အကျယ်ချုပ်ချထားသည်။

တည်ဆဲဥပဒေအရပင် ရက်လွန်ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ဒေါ်စုဘက်က စောဒက တက်ထားသည်။ ဥပဒေအရ အများဆုံး တဆက်တည်း ၅ နှစ်သာ ရုံးမတင်ဘဲ ချုပ်နှောင်ထားခွင့် ရှိသည်ဟု ဆိုသည်။

နအဖအစိုးရက အတိုက်အခံခေါင်းဆောင်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို ယမန်နှစ် မေလ က နောက်ဆုံးအကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။ စစ်အစိုးရ၏ ဥပဒေ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ လူတဦးကို ၆ နှစ်အထိ ချုပ်နှောင်ထားခွင့် ရှိသည် ဟု ဆိုသည်။

ဤသို့ သက်တမ်းတိုးမြှင့်ခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သူမ၏ပါတီက စစ်အစိုးရကို ကန့်ကွက်နေသည့်အကြားမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဆွေးနွေးတာလို့လည်း ပြောတယ်" ဟု ၀ါရင့်ရှေ့နေကြီးက ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် အောက်တိုဘာလအတွင်း သူမ၏ ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ချုပ်နှောင်ထားမှုနှင့် ပတ်သက်ပြီး လျှောက်လှဲမှု ပြုခဲ့သည်။ သို့သော်လည်း စစ်အစိုးရက တစုံတရာ တုံ့ပြန်မှုမပြုသည့်အပြင် ဦးကြည်ဝင်းကိုလည်း ဒေါ်စုနှင့် တွေ့ဆုံခွင့် ပိတ်ပင်ခဲ့သည်။

ဦးကြည်ဝင်းက သူ၏ အမှုသည်နှင့် တွေ့ဆုံခွင်ပြုရန် ၀န်ကြီးချုပ်ရုံးသို့ နှစ်ကြိမ်တိုင်တိုင် လျောက်ထားခဲ့သော်လည်း လစ်လျူရှုခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်မှာ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် အချုပ်အနှောင်ဖြင့် နေခဲ့ရသည်။

No comments: