Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday, 21 January 2009

စာရေးဆရာဦးသန့် (သို့မဟုတ်) ငြိမ်းချမ်းရေးကိုချစ်သူ

(၁၉၀၉-၂၀၀၉ ဦးသန့်နှစ်(၁၀၀)ပြည့်အမှတ်တရ...)

၂၀၀၉ ခုနှစ် ဇန်ဝါရီလ ၂၂ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ နှစ်(၁၀၀)ပြည့်မြောက်သောနေ့ ဖြစ်ပေသည်။

ဦးသန့်သည် အာရှနိုင်ငံများမှ ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယမြောက် ခန့်ထားခြင်းခံရသော မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ ဦးသန့်ရှေ့မှ ပထမဆုံးအတွင်းရေးမှူးချုပ်မှာ ထရစ်ဗီလီး (နော်ဝေနိုင်ငံသား)ဖြစ်ပြီး ဒုတိယမြောက်အတွင်းရေးမှူးချုပ်မှာ ဒက်ခ်ဟမ္မားရှိုးလ် (ဆွီဒင် နိုင်ငံသား)ဖြစ်သည်။


မြန်မာနိုင်ငံမှ ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခြင်းအတွက် ကမ္ဘာ့နိုင်ငံများအားလုံးက မြန်မာနိုင်ငံကို အသိအမှတ်ပြု လေးစားလာကြသည်။ အဓိက ဦးသန့်၏ ကမ္ဘာ့နိုင်ငံရေးပြဿနာများ၊ ကမ္ဘာ့လူသားအားလုံး၏ ငြိမ်းချမ်းရေးကိစ္စများတွင် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အပင်ပန်းခံကာ ကြိုးစားဆောင်ရွက်မှုကြောင့်လည်းကောင်း၊ ဥာဏ်ပညာအမြော်အမြင်နှင့် စိတ်ထားမွန်မြတ်မှု၊ သဘောထားကြီးမှု၊ မေတ္တာကရုဏာတရားနှင့် ကိုယ်ချင်းစာနာမှု စသည့် အခြေခံလူ့ကျင့်သိက္ခာ၊ စာရိတ္တကောင်းများနှင့် ပြည့်စုံမှုကြောင့်လည်းကောင်း၊ ဦးသန့် ကို ကမ္ဘာ့နိုင်ငံများက ချစ်ခင်လေးစား ကြသည်။

ဦးသန့်သည် ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ထူးချွန်ထက်မြက်သော သားကောင်းရတနာတစ်ဦးဖြစ်သကဲ့သို့ ဦးသန့်ကြောင့် ကမ္ဘာတွင် မြန်မာဟေ့လို့ မြန်မာနိုင်ငံ ဂုဏ်ရှိန်တက်ခဲ့ရသည်။

ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန် န၀ါရီလ ၂၂ ရက်နေ့က မွေးဖွားခဲ့သည်။ မွေးချင်းလေး ဦးအနက် အကိုအကြီးဆုံးဖြစ်သည်။ ဦးသန့်အောက်တွင် ဦးခန့်၊ ဦးသောင်း၊ ဦးတင်မောင် ညီငယ်သုံးဦးရှိသည်။ ဦးသန့်မှာ ငယ်စဉ်က ပန်းတနော်မြို့ အမျိုးသား ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ် (ယခင်က ယူနီဗာစီတီကောလိပ်) တွင် ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၂၈ ခုနှစ်တွင် ဥပစာတန်းစာမေးပွဲအောင်မြင်ခဲ့သည်။ ၎င်းနောက် ပန်းတနော်အမျိုးသား အထက်တန်း ကျောင်း၌ပင် အထက်တန်းပြဆရာဝင်လုပ်ခဲ့သည်။

အသက် ၂၆ နှစ်တွင် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ရာ သမီးကြီး အေးအေးသန့်နှင့် သားငယ် တင်မောင်သန့်တို့နှစ်ဦး မွေးဖွားခဲ့သည်။ သားငယ်တင်မောင်သန့်မှာ ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးတွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျ၍ သေဆုံးခဲ့သည်။ ဦးသန့်သည် ကျောင်းဆရာဘ၀မှထွက်ပြီး ရန်ကုန်သို့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ပြောင်းရွှေ့လာခဲ့သည်။ ဦးသန့်၏ အဓိကရည်ရွယ်ချက်မှာ စာရေးဆရာ၊ သတင်းစာဆရာ ဘ၀များနှင့် မဂ္ဂဇင်းထုတ်ဝေရန် ရည်ရွယ်ချက်ရှိခဲ့သည်။ မဂ္ဂဇင်းထုတ်ဝေရန် သူငယ်ချင်းဖြစ်သူ ဦးနု(၀န်ကြီးချုပ်)နှင့် တိုင်ပင်သောအခါ ဦးနုက ကန့်ကွက်ခဲ့ပြီး ၎င်း၏ အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ပါဝင်ရန် အလိုရှိနေခဲ့သည်။ ဦးသန့်မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ရေးဖတ်ပြောဆိုနိုင်သူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ဦးသန့်မှာ မိမိဖြစ်လိုသော စာနယ်ဇင်းဆရာဘ၀ကို စွန့်လွှတ်ကာ မမျှော်လင့်ဘဲ ဦးနု၏နိုင်ငံရေးနယ်ပယ်တွင်းသို့ ရောက်ရှိသွားတော့သည်။

ဦးသန့်သည် မြန်မာ့နိုင်ငံရေးလောက၌ ၀န်ကြီးချုပ် ဦးနုလက်ထက်တွင် လည်းကောင်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရလက်ထက်တွင် လည်းကောင်း၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သဖြင့် ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်ထားခြင်းခံရပြီး နောက်ဆုံးတွင် ကမ္ဘာ့ အဆင့်အမြင့်ဆုံးရာထူးဖြစ်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကိုပါ ကမ္ဘာ့နိုင်ငံများက ကန့်ကွက်မဲမရှိ ပေးအပ်ခန့်ထားခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံ ပြည်တွင်းတွင်...
- ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးပြန်လည်စု စည်းမှု၌ အတွင်းရေးမှူးတာဝန်၊
- ၁၉၄၇ ခုနှစ်တွင် သတင်းနှင့်စာနယ်ဇင်းညွှန်ကြားရေး မှူးတာဝန်၊
- ၁၉၄၈ ခုနှစ်တွင် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးဝန်၊
- ၁၉၅၁ ခုနှစ်တွင် သမိုင်းကော်မရှင်နှင့် ဘာသာပြန်စာ ပေအသင်း၊
- ၁၉၅၂ ခုနှစ်တွင် ရုပ်ရှင်အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည် တော်သာရှစ်နှစ်စီမံကိန်းရေးဆွဲရေးတာဝန်၊
- ၁၉၅၃ ခုနှစ်တွင် ၀န်ကြီးချုပ်ရုံး စီမံကိန်းအတွင်းဝန်၊
- ၁၉၅၅ ခုနှစ်တွင် ၀န်ကြီးချုပ်ဦးနု၏ အတွင်းဝန်ရာထူး နှင့်စီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့အတွင်းဝန်

မြန်မာနိုင်ငံ၏ပြင်ပတွင်...၊
- ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး၊
- ၁၉၆၀ ပြည့်နှစ်တွင် ကုလသမဂ္ဂရန်ပုံငွေ တိုးပွားရေး အဖွဲ့၏ ဥက္ကဋ္ဌ၊
- ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၃ရက်နေ့၌ ရုတ်တရက် ကွယ်လွန်သွားသော ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ခ်ဟမ္မားရှိုးလ်၏ ကျန်ရစ်သောသက်တမ်း အတွက် ယာယီအတွင်းရေးမှူးချုပ်တာဝန်၊
- ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရားဝင် အမြဲတမ်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို တတိယမြောက် ခန့်ထားခြင်းခံရပြီး ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးသန့် အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့စဉ်က အဓိက ဖြေရှင်းခဲ့ရသော ပြဿနာများမှာ ကျူးဘားပြဿနာ၊ ဆိုက်ပရပ်(စ်)ပြဿနာ၊ အင်ဒိုနီးရှားနှင့် အီရီယံကျွန်း ပြဿနာနှင့် ဗီယက်နမ်အရေးအခင်းတို့ဖြစ်သည်။ ၎င်းပြဿနာများကိုလည်း အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ယုံကြည်လေးစားခြင်းကို ခံခဲ့ရသည်။

ဦးသန့်သည် မြန်မာနိုင်ငံတွင်းမှ ၁၉၄၉ ခုနှစ် တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေ စည်သူဘွဲ့များရရှိခဲ့သည်။

ပြည်ပကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ် ၂၅ ခုမှ အယ်လ်အယ်လ်ဒီဘွဲ့များနှင့် ပါရဂူဒေါက်တာဘွဲ့ငါးခုကိုလည်း ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ နေရူးဆုကိုလည်းရရှိခဲ့သည်။

စာရေးဆရာဘ၀နှင့် သတင်းစာဆရာဘ၀ကို ခုံမင်မြတ်နိုးသောဦးသန့်သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီးစာအုပ်ကိုလည်းကောင်း၊ ပြည်တော်သာခရီး စာအုပ်ကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။ ဦးသန့်၏ ပြည်တော်သာခရီးစာအုပ်မှာ သုံးတွဲရှိသည်။ ၎င်းစာအုပ်တွင် လွတ်လပ်ရေးဆုံးရှုံးမှုနှင့်ပတ်သက်၍ မျိုးချစ်မြန်မာတို့ ဦးဆွေးဆံမြည့်တော်လှန်ခုခံခဲ့ကြပုံ၊ လှေခွက်ချည်းကျန်အလံမလှဲစေရဆိုသော အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ညွှန်းထားသည်ကိုတွေ့ရသည်။ ဥပမာ .. “တစ်ခါက တော်လှန်ရေးမြန်မာသူရဲကောင်းတို့အား တိုက်ခိုက်ရန် မေဂျာဂျင်နရယ်နှစ်ဦး၊ ဗရီးဂေးရီးယားဂျင်နရယ် ခြောက်ဦးတို့၊ ကွပ်ကဲအုပ်ချုပ်သော စစ်သားသုံးသောင်းနှစ်ထောင်ပါ တပ်ကြီးများကိုပင် စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ ထိုတပ်ကိုရင်ဆိုင်ရန်အတွက် ရင်မြေကတုတ်လုပ်၍ အရိုးကြေကြေ၊ အရေစုတ်စုတ် အနိုင်မခံ အရှုံးမပေးသော တော်လှန်ရေးကာလတွင် ဗိုလ်မင်းရောင်အစရှိသည့် တော်လှန်ရေးခေါင်းဆောင်များ ထင်ရှားကျော်ကြားလာခဲ့ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဗြိတိသျှတပ်များသည် ဗိုလ်မင်းရောင်၏အမည်ကို ကြောက်ရွံ့ခဲ့ကြလေသည်”
(စာ-၁၄၉၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့်၊ စာရေး သူ တက္ကသိုလ်စိန်တင်စာအုပ်မှ)

၎င်းင်းနောက် ဂျပန်များ မြန်မာနိုင်ငံသို့ ၀င်လာပြီး မြန်မာများကို လိမ်လည်လှည့်ဖြားခဲ့ပုံကိုလည်း ဤသို့ ရေးသားထားပြန်သည်။
“ဂျပန်စစ်အာဏာပိုင်တို့ကား လုံးဝလွတ်လပ်ရေးပေးရန် လာရောက်ကြသည်မဟုတ်၊ မိမိတို့လက်သုံး ကြွေးကြော်သံဖြစ်သော (အာရှ သာတူညီမျှစနစ်) ဟူသော စကားလုံးဖြင့် လှည့်စားလျက်ရှိသည်ကို တွေ့ရပေသည်။ ဗြိတိသျှတို့၏ အာဏာစက်သည် မြန်မာနိုင်ငံမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဖက်ဆစ်ဂျပန်တို့၏ အာဏာစက်တို့ကို အစားထိုးရန် ကြံစည်ခဲ့သည်မှာ ထင်ရှားစွာ ပေါ်ပေါက် လာတော့၏”
(စာ-၁၅၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာဦးသန့်၊ စာ ရေးသူတက္ကသိုလ်စိန် တင်၏စာအုပ်မှ)

ဦးသန့်သည် နိုင်ငံရေးစာပေ၊ ဘာသာပြန်စာပေ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာစာပေ၊ ဝေဖန်ရေးစာပေများ စသည့် စကားပြေဆောင်ပါးများကို ထိုခေတ်က ထုတ်ဝေခဲ့ သော သတင်းစာများ၊ ဂန္ထလောက မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်သာမက “သီလ၀”အမည်နှင့် ကဗျာ များကိုလည်း ရေးသားခဲ့သည်ကိုတွေ့ရသည်။ ၁၂၉၆ ခုနှစ် နယုန်လထုတ် ဂန္ထလောကအတွဲ-၁၉၊ အမှတ်-၁၁၃ တွင် ပါရှိသော ဦးသန့်(သီလ၀)၏ ကဗျာကို ကြည့်ရအောင်-

မငိုနဲ့ကွယ်
အိုအေအေ အမေချော့လို့
တိတ်ပါတော့ မယ့်သည်းချာ
ခိုပြာခိုဖြူနဲ့
တကူကူ ဂျိုးတွေရောက်ပါလို့
မိတ္ထီလာ ကန်တော်အောက်ဆီက
ဘားကောက်ဘို့အမေမှာ။ ။
အေအိုအို ကြောင်ကြီးက
အမြီးခတ်တိုတို
မေ့သားကို လာ၍ကိုက်ပါလိမ့်
မေရိုက်မယ် မောင်မငိုနဲ့
ဒီကြောင်အို အဆီစားပါလို့
အသားကို သူမျိုတတ်တယ်ကွဲ့
ရပ်တော့အသာ။ ။
အိုအေအေ ပါးပြင်နုမှာလေ
ပုလဲဥမျက်ရည်ယို
သည်တိုင်းသာ အငိုဆက်ရင်ဖြင့်
ခက်လေပြီ သည်တမိမှာတော့
ကလေးဘေ ဘယ်မှာရှိလေဘိ
သိချင်လှ စိတ်မကြည်
ဘယ်ဆီမှ မရှာအား။ ။
အိုအေအေ အသာပိုက်ပါလို့
ရွှေနို့ချို အမေတိုက်မယ်ကွဲ့
ငိုရှိုက်ကာ မောင်မနေနဲ့
ကလေးဘေ ပြန်လာရောက်ခါမှ
စားသောက်ရန် ချိုချဉ်လှိုင်၍
နှစ်ယောက်ပြိုင် အတူချော့မယ်ကွယ်
တိတ်တော့မေ့သား။ ။

(မူရင်းစကားလုံးအတိုင်း ဖော်ပြထားပါသည်)

မိခင်တစ်ဦး၏ သားချော့ကဗျာလေးကို ဦးသန့်သည် လှပချစ်စဖွယ် ရှုမြင်တင်ပြထားပုံမှာ ကဗျာ၏ အသက်ပင်ဖြစ်ပါသည်။

ဦးသန့်သည် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးများတွင် အထူးကြီးမားသော တာဝန်များကို ထမ်းဆောင်ခဲ့ရလင့်ကစား၊ တစ်ဖက်မှ မိမိဝါသနာပါသော စာပေရေးသားခြင်းများကိုလည်း ၀ါသနာထုံခဲ့သူဖြစ်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှ အငြိမ်းစားယူပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သိန်းတင်နှင့် သမီးအေးအေးသန့်တို့ ကျန်ရစ်ခဲ့သည်။

ဦးသန့်၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ သယ်ဆောင်လာပြီး ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ဂူဗိမာန်၊ မိဖုရား စုဖုရားလတ်ဂူဗိမာန်တို့နှင့်အတူ ယှဉ်တွဲလျက် ဦးသန့်ဂူဗိမာန်ကို တည်ဆောက်ထားသည်။

ဦးသန့်သည် ကမ္ဘာ့နိုင်ငံများအလယ်တွင် မြန်မာ့သတ္တိ၊ မြန်မာ့ဇာတိမာန်၊ မြန်မာတို့၏ ဖြူစင်ရိုးဖြောင့်သော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများကို ဖော်ပြနိုင်စွမ်းသော မြန်မာ့သားကောင်းရတနာ အာဇာနည်တစ်ဦးဖြစ်သကဲ့သို့ ကျွန်တော်တို့နှင့်တကွ နောင်လာ နောက်သား မျိုးဆက်သစ်များ အတုယူကြိုးစားရမည့် လူကြီးလူကောင်းပီသသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ ။

ကိုဂြိုး

No comments: