ကြိုး
ကိုယ့်အသားကိုယ်ဆိတ်ကြည့်နေဖို့ မလိုတော့ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးမှန်းငါသိတယ်။
ကိုယ့်ဦးနှောက်တံခါးကိုယ်ခေါက်ကြည့်နေဖို့ မလိုတော့ဘူး
စိတ်ကူးတွေ အိပ်ပျော်ပြီး ဟောက်နေကြမှန်း ငါသိတယ်။
အီလက်ထရွန်းနစ် ကြေးမုံချပ်တွေပေါ်က
မြင်နေကျ မြစ်ကြီးကို
အလျားလိုက် ဖတ်နေဖို့ လည်းမလိုတော့ဘူး။
မုဆိုးဆိုတာ ရက်စက်တတ်မှန်း နဂိုကတည်းက ငါသိတယ်။
လူဆိုတဲ့ စက်တွေကို နှိုးဖို့ 
စိတ်ကြွဆေးအတင်း ထိုးမပေးချင်တော့ဘူး။
ယဉ်ပါးသွားတဲ့ ရောဂါဟာ
ထိုးနေကျ ဆေးတွေ မတိုးတော့မှန်းနဲ့ 
ကိုယ့်ကိုယ်ကို ထည့်မပေးနိုင်တဲ့ လောင်စာဟာ
ကောက်ရိုးထက်တောင်ညံ့မှန်း ငါသိတယ်။
ငါ့လက်ချောင်းတွေကိုကွေး
မျက်ရည်ကိတ်(ခ်)တွေကိုတော့ ဆက်ကျွေးနေဦးမယ်။
ငါဧည့်ခံထားတဲ့ သစ်သီးတွေကို ဘယ်မျက်လုံးတွေများ လာခူးမလဲ။
ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့
အမှောင်ရက်ကြီးစိုးတဲ့
ခုလိုတောင်တက် ခရီးမျိုးမှာ
တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်
ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။
ကဗျာ - ကောင်းကင်ကို
No comments:
Post a Comment