Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 22 December 2008

နေ့စဉ်သတင်းစာ ထုတ်ခွင့်ရပြီဆိုတဲ့ ဂျာနယ်တိုက် ၄ ခု

ဒီဇင်ဘာ ၂၁၊ ၂၀၀၈ သတင်း-သန်းစိုးလှိုင်

နအဖ စစ်အစိုးရက ပုဂ္ဂလိက သတင်းဂျာနယ်တိုက် ၄တိုက်ကို မကြာမီ လပိုင်းအတွင်းမှာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ အာမခံ လိုက်တယ်လို့ ရန်ကုန်မြို့က ဂျာနယ်တိုက်ပိုင်ရှင်နဲ့ နီးစပ်တဲ့သူတွေက ပြောဆိုကြပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ဝန်းကျင်အတွင်းမှာ ပုဂ္ဂလိကဂျာနယ်တိုက်ပိုင်ရှင်တွေဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရဖို့ ပြန်ကြားရေး ၀န်ကြီးဌာနကို လျှောက်ထား ကြိုးစားခဲ့ကြတာ အားလုံးသိရှိကြပါတယ်။ ဒါပေမယ့် နအဖ အစိုးရက ခွင့်ပြုဖို့ ၀န်လေးနေခဲ့ပြီး ဂျာနယ်တိုက်ပိုင်တွေက ထုတ်ဝေခွင့်ရနိုးနဲ့ ပြင်ဆင်မျှော်လင့်နေခဲ့ကြတာပါ။အဲဒီမျှော်လင့်ချက်ကို နအဖ ပြန်ကြားရေးဝန်ကြီးဌာနက အခုမှ ဖြည့်ဆည်းတဲ့ ထုတ်ဝေခွင့် ပြု သဘောတူလိုက်တာပါ။

ကွက်ကြားမိုး သတင်းစာ ထုတ်ဝေခွင့်

ဒါပေမယ့်လည်း လျှောက်ထားတဲ့ ပုဂ္ဂလိကဂျာနယ်တိုက်တွေ အားလုံးကို ခွင့်ပြုတာမဟုတ်ပဲ စစ်အစိုးရကို ဆန့်ကျင်ရေးသားခြင်း မရှိတဲ့၊ နအဖ အစိုးရကို မီဒီယာနဲ့ ကူညီပံ့ပိုးပေးနေတဲ့ တိုက်တချို့ကိုသာ ခွင့်ပြုဖို့ သဘောတူလိုက်တာပါ။

ယခု ထပ်မံ သိရှိရတဲ့ အချက်အလက်တွေအရဆိုရင် မြန်မာတိုင်းမ်၊ အီလဲဗင်း မီဒီယာ၊ ပေါ်ပြူလာနဲ့ ရန်ကုန်မီဒီယာဂရုပ်တို့ လို့ဆိုပါတယ်။ အဆိုပါဂျာနယ် တိုက် ၄ ခုအနက် မြန်မာတိုင်းမ်ဟာ သြစတေးလျ နိုင်ငံသား ရော့စ် ဒန်ကလေက စစ်ထောက်လှမ်းရေးနဲ့ တွဲဘက်ထူထောင်ခဲ့ပြီး စစ်ထောက်လှမ်းရေး ချေမှုန်းခံရပြီးနောက် ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်သူ သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးကို ရှယ်ယာဝယ်ယူစေပြီး အစိုးရက နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတဲ့ ဂျာနယ် တိုက်ပါ။

အီလဲဗင်းမီဒီယာကတော့ စစ်အစိုးရနဲ့ ပေါ်ပေါ်ထင်ထင် ဆက်နွယ်မှု မပြပေမယ့် နအဖ အစိုးရအဖွဲ့ထဲက အာဏာရှိတဲ့ ဗိုလ်မှူးကြီးတစ်ဦးက ရှယ်ယာဝင်ထားပြီး အဆိုပါ အရှိန်အ၀ါနဲ့ စာပေစိစစ်ရေးမှာ အထူးအခွင့်အရေးရလျက်ရှိတယ်လို့ မီဒီယာလောကမှာ နားလည်ထားကြပါတယ်။ တနည်းပြောရရင် နအဖနဲ့ ဆက်နွယ်ရာ ဆက်နွယ်ကြောင်း ယုံကြည်စိတ်ချလို့ ထုတ်ဝေခွင့် ချပေးမယ့် သဘောပါ။

ပေါ်ပြူလာနဲ့ ရန်ကုန်မီဒီယာဂရုပ်မှ စာရေးဆရာ ဟိန်းလတ်နဲ့ ကိုကို(စက်မှု) တို့ကလည်း ပြန်ကြားရေး ၀န်ကြီးဌာနကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့မှာ အလုပ်အမှုဆောင် ရာထူး အသီးသီး ယူထားကြသူတွေဖြစ်လို့ နအဖအစိုးရက ယုံကြည်စိတ်ချရသူတွေပါ။

ပေါ်ပြူလာကိုတော့ ကစထမှူး လုပ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်းရဲ့ သမီးဖြစ်သူ ပါဝင်ပတ်သက်နေတယ် လို့လည်း အဆိုပါတိုက်နဲ့ နီးစပ်သူများက ပြောပါတယ်။

ပုဂ္ဂလိက မီဒီယာကနေ လူထုကို အခမဲ့ ၀ါဒဖြန့်ဖို့ ကြံစည်

နအဖ အစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က စပြီး “မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ် …” ဆိုတဲ့ ကြွေးကြော်ချက်နဲ့ ပုဂ္ဂလိကပိုင်မီဒီယာတွေကို ကိုင်တွယ် အသုံးချခဲ့ပါတယ်။ မကြာခဏ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ အဲဒီသတင်းတွေကို ပုဂ္ဂလိကပိုင်ဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ရောင်စုံနဲ့ ဖေါ်ပြကြတယ် ဆိုရင် နအဖက သူတို့ရဲ့ အသံ၊ သူတို့ရဲ့ အမြင်တွေကို လူထုရှေ့အခမဲ့နည်းနဲ့ ရောက်စေခဲ့တာပါ။

ကိုယ့်အရင်းအနှီးနဲ့ ထုတ်တဲ့ ပုဂ္ဂလိကဂျာနယ်တိုင်းမှာ အစိုးရရဲ့ ပေါ်လစီ ဆောင်းပါးတွေကို စာမျက်နှာ တမျက်နှာပြည့် အခမဲ့ ထည့်ပေးရပါတယ်။ နောက်ပြီးတော့ အစိုးရက ပြည်တွင်း၊ ပြည်ပ အတိုက်အခံကို ဆန့်ကျင်ရေး ၀ါဒဖြန့်ကင်ပိန်းလုပ်တဲ့အခါ ပုဂ္ဂလိကဂျာနယ်တွေကပါ ကိုယ့်ဘာသာကိုယ် နအဖ အာဘော်အတိုင်း ဆောင်းပါးရေးပြီးထည့်ဖို့ အားပေးပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးခါစမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်ဂျာနယ်က ရေးပေး လုပ်ပေးခဲ့တာမျိုးပါ။

အခု တကြိမ် သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ အာမခံလိုက်တဲ့ သဘောဟာ လာမယ့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ အစိုးရရဲ့ လက်ဝေခံပါတီတွေအတွက် ပုဂ္ဂလိက မီဒီယာကနေ ၀ါဒဖြန့်ဖို့ အကြံအစည်ရှိပုံရတယ်လို့ လေ့လာသူ တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

ပါတီစုံရွေးကောက်ပွဲ ဆိုတဲ့အတွက် ပါတီတွေက နအဖ အစိုးရရဲ့ သတင်းစာကို တိုက်ရိုက်သုံးစွဲခွင့် ရှိမှာ မဟုတ်ဘဲ နအဖ လက်ဝေခံပါတီများအတွက် မီဒီယာလိုအပ်လာပါတယ်။ ပါတီတွေအနေနဲ့ ကိုယ်ပိုင် ပါတီသတင်းစဉ်လိုမျိုး မထုတ်ဝေနိုင်သေးရင်တောင်မှ နအဖအစိုးရကို ထောက်ခံမယ့် ပုဂ္ဂလိက သတင်းစာတွေကို အသုံးချပြီး လူထုကိုစည်းရုံးမယ်လို့ ရည်ရွယ်ချက် ရှိပုံရတယ် လို့လည်း အဆိုပါ လေ့လာသူက ပြောဆိုပါတယ်။

ကျဆုံးနေတဲ့ နအဖ အစိုးရသတင်းစာများ

နအဖအစိုးရရဲ့ အသံ၊ အာဘော် မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြန်မာ့အလင်း အင်္ဂလိပ်ဘာသာ တို့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း တစောင်ကို ၁၀ ကျပ်မှ ၅၀ ကျပ်သို့ ဈေးမြှင့်ပြီးနောက်ပိုင်း စောင်ရေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ယခင်က ဈေးသက်သာလွန်းလို့ လစဉ်ယူထားသူအများအပြား ရပ်စဲခဲ့ကြပါတယ်။ ယခုအခါ အစိုးရသတင်းစာရဲ့ စောင်ရေဟာ သိန်းဂဏန်းမရှိတော့ဘဲ သောင်းဂဏန်းမျှသာ ရှိတော့တယ်ဆိုတဲ့ ပြောဆိုမှုများလည်း ကြားသိရပါတယ်။

ဈေးနှုန်းမတက်ခင်က ကြေးမုံသတင်းစာဆိုရင် စောင်ရေ ၂သိန်းဝန်းကျင် ရိုက်နှိပ်ခဲ့တာပါ။ ယခုနောက်ပိုင်း စာဖတ်သူ လူထုက ပုဂ္ဂလိက သတင်းဂျာနယ်တွေကိုသာ မှန်မှန်ဝယ်ဖတ်ကြတော့ပြီး သတင်းစာကို နာရေးနဲ့ ကြော်ငြာ ကြည့်ရုံသာ သဘောထားကြပါတော့တယ်။

အစိုးရသတင်းစာကို ဖတ်ရှုသူ ပိုမိုနည်းသွားစေမယ့် စိုးရိမ်မှုကြောင့် ပုဂ္ဂလိကသတင်းစာကို ခွင့်မပြုလိုပေမယ့် အခြားတဘက်မှာ အစိုးရနဲ့ နီးစပ်သူတွေကို ထုတ်ဝေခွင့်ပေးခြင်းနည်းဖြင့် မီဒီယာကို မီဒီယာနဲ့တိုက်တဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ မဟာဗျူဟာကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။

နေ့စဉ်သတင်းစာကို စာပေစိစစ်ရေးက မရိုက်နှိပ်မီ တစောင်လုံး ကြည့်ရှုစစ်ဆေးနိုင်ဖို့ မလွယ်ကူတာကြောင့် ယခင်တလျှောက်လုံး နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ယခုလာမယ့် နေ့စဉ် သတင်းစာတွေကိုတော့ ဘယ်ပုံဘယ်နည်းနဲ့ စိစစ်ချုပ်ကိုင်ထားမယ် ဆိုတာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

No comments: