Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday, 29 December 2008

ပွင့်လင်း မြင်သာမှုရှိရန်လိုသည်

မောင်သုတ

ရုရှနိုင်ငံ၏ အကူ အညီ ဖြင့် မြန်မာ နိုင်ငံက နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရန် စီစဉ် နေသည်ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သည်။ ဤ အချက်ကြောင့်ပင် ပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အုပ်စုများအကြား၊ စစ် အစိုးရကို ဝေဖန်နေကြ သူများအကြား၊ နောက်ဆုံး အမေရိကန် အစိုးရ၏ အချို့သော ဌာနများ၊ အရာရှိများ ကြားတွင် ပွက်လော ရိုက်သွားရသည်။ ဆွေးနွေးငြင်းခုန်စရာတွေ ဖြစ်လာခဲ့သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ ၁၀ မီဂါဝပ် အပူပေးသုတေသနဓာတ်ပေါင်းဖိုတခုနှင့် ၎င်းနှင့် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးမည်ဖြစ်သည်။ ဤသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှ စစ်အစိုးရ၏ နျူကလီးယားအစီအစဉ် ရည်ရွယ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ စစ်အစိုးရကိုယ်နှိုက်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆိုးရွားသော လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် နေခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်မှုများရှိနေသည့်အပြင် တိုင်းပြည်စီးပွားရေးအရလည်း ကျဆင်းနေသည်။ အနောက်ကမ္ဘာ နှင့်လည်း သင့်လျော်သော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပျက်ကွက်နေခြင်း ကြောင့် ကာလကြာရှည် အငြင်းပွားနေရမှုများကြောင့်လည်း ဖြစ်သည်။( ဆက်ဖတ်ရန် ) နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သူမှာ စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သစ္စာရှိသော နောက်လိုက် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပြီး ၎င်းက စစ်အစိုးရ၏ ဒုတိယ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စစ်တက္ကသိုလ်တွင် တတန်းတည်းကျောင်းနေဘက် သူငယ်ချင်းဟောင်းလည်း ဖြစ်သည်။ တဘက်က ရုရှနိုင်ငံ အဏုမြူအေဂျင်စီဝန်ကြီးဌာန လက်အောက်ခံ ကုန်ပစ္စည်း ရောင်းချသောကုမ္မဏီဖြစ်သည့် AtomStory Export က လက်မှတ်ရေးထိုးခဲ့သည်။ စစ်အစိုးရက ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါမည်ဟု ပြောသည့်အပေါ် သံသယရှိသူကမရှား။ ထို့အပြင် အချို့သူများက စစ်အစိုးရက နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် စိုင်းပြင်းလာနိုင်သည်ဟု လော၍ ကောက်ချက်ချနေကြသည်။

သို့သော်လည်း သံသယရှိနေသူများနှင့် မီးလှန့်သံချောင်းခေါက်နေသူများ သတိမမူမိသည့် နောက်ကွယ်အကြောင်းအရာများလည်း ရှိနေသေးသည်။ ၎င်းမှာ မြန်မာပြည်အနေဖြင့် ကာလကြာရှည်ကပင် အဏုမြူနည်း ပညာပိုင်ဆိုင်ရေးအတွက် ဆန္ဒရှိပြီး ကြိုးပမ်းအားထုတ်ခဲ့ကြသည်ဟူသော နျူကလီးယားနည်းပညာ ရှာပုံတော်ဆိုင်ရာ သမိုင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်ခန့်က ဦးနု၊ ဦးဘဆွေတို့နှင့် သုံးပွင့်ဆိုင် နိုင်ငံအုပ်ချုပ်ရေးတွင် ဦးဆောင်နေသူ တဦးဖြစ်သည့် ဦးကျော်ငြိမ်းသည် လက်တွေ့ကျကျမြင်တက်သော ခေတ်မီရေးဝါဒီတဦးဖြစ်သည်။ သူက မြန်မာ နိုင်ငံ၏ ထွန်းသစ်စ စက်မှုဖွံ့ဖြိုးရေးကို နောက်ကွယ်မှ အဓိကမောင်းနှင်ပေးသူ တဦးလည်း ဖြစ်ခဲ့သည်။ ထိုကာလတွင်ပင် အမေရိကန်နိုင်ငံ လက်နက်သုတေသနဖောင်ဒေးရှင်း (American Armour Research Foundation) နှင့် တွဲဖက်၍ စက်မှုဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့ကို ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဦးကျော်ငြိမ်းက ကြီးကြပ်လာခဲ့သည်။

၁၉၅၅ ခုနှစ်အကုန်ပိုင်းတွင် အဏုမြူစွမ်းအင်ဌာနနှင့် အဏုမြူဆိုင်ရာ တွင်းထွက်သယံဇာတများဌာနကို တည် ထောင်ခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့ ထူးချွန်သော လူငယ်ပညာရှင်များနှင့် နည်းပညာရှင်များကို စေလွှတ်ခဲ့ကြသည်။ သင်ကြားရသည့်ဘာသာရပ်များမှာ ဘွဲ့လွန်အဆင့် ကျန်းမာရေး ရူပဗေဒ၊ နျူကလီးယား ရူပဗေဒ၊ သတ္တုဗေဒဆိုင်ရာ နှင့် ဓာတ်သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာပညာရပ်တို့ အပြင် ကရိယာပစ္စည်းများ ထုတ်လုပ်ရာ ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းများတွင် နျူကလီးယားနည်းပညာ အသုံးချမှုဆိုင်ရာ နည်းပညာသင်တန်းများကို လည်း တက်ရောက်စေခဲ့သည်။ စာသင်သွားသူအများစုက မြန်မာပြည်သို့ပြန်လာခဲ့ပြီး UBARI ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး သုတေသနသိပ္ပံများတွင် ၀င်ရောက်အမှုထမ်းခဲ့ကြသည်။ AEC ခေါ် အဏုမြူစွမ်းအင်ဌာနကို ဦးဆောင်သည့် ဦးလှညွှန့်က ရှေ့ဆောင်သင်ပြခဲ့ပြီး ၎င်း၏ လမ်းညွှန်မှုမှုအောက် တွင် နိုင်ငံတော် ပညာတော်သင်အပတ်စဉ်ဆင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဦးလှညွန့်က လွတ်လပ်ရေး မရမီ ကတည်းက ဂျပန်နိုင်ငံတွင် ပညာဆည်းပူးနေခဲ့သူလည်း ဖြစ်သည်။

ဤသို့သော ပထမအသုတ် ပညာတော်သင် များအနက် ဦးသိန်းဦးဖိုးစောလည်း အပါအ၀င်ဖြစ်ပြီး သူတဦးသာလျှင် လက်ရှိစစ်အစိုးရအောက်တွင် ဆက်လက်၍ အမှုထမ်းနေဆဲ လည်း ဖြစ်သည်။ ဦးသိန်းဦးဖိုးစောက ယခုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေး တဦး ဖြစ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ်တွင်လည်း တွဲဖက်ပါမောက္ခတဦးအဖြစ် တာဝန်ယူလျှက်ရှိသည်။ ၁၉၅၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသည် ဂျနီဗာ၌ကျင်းပသော အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး နိုင်ငံ တကာညီလာခံကို တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တည်ထောင်သော အခါတွင်လည်း ယင်းအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ များမကြာမီပင် မြန်မာနိုင်ငံ၏ AEC ခေါ် အဏုမြူစွမ်းအင်ဌာနအား “ပြည်ထောင်စုမြန်မာနိုင်ငံ အဏုမြူစွမ်းအင် စင်တာ” (UBAEC) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများသည် အဏုမြူခေတ်သစ်အတွက် ရောင်ခြည်သန်းနေဆဲကာလဖြစ်သည်။ ဤ ကာလတွင် မြန်မာနိုင်ငံ၏ UBAEC တွင်ဝန်းရံ ဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ၏ နျူကလီးယားပညာရှင် ထိပ်သီး များတွင် မြန်မာ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတော်သစ်ဆီသို့ မောင်းတင်ပေးနိုင်သည်ကို သံသယလုံးဝ မရှိခဲ့ကြပေ။

စွမ်းအင် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပညာရေးနယ်ပယ်များတွင် အပတ် တကုတ် သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် အကြွားသန်ခဲ့ကြသော “ပြည်တော်သာစီမံကိန်း”၏ ကျရှုံးမှုနှင့်အတူ နှစ်အနည်းငယ်အတွင်း နျူကလီးယား ရည်မှန်းချက်၏ ပထမအဆင့်ကာလသည်လည်း အိပ်မက်ပြိုကွဲ တုန့်ဆိုင်းသွားခဲ့ရသည်။ UBAEC ၏နာယကဖြစ်သူ ဦးကျော်ငြိမ်းလည်း နိုင်ငံရေးဂိုဏ်းဂဏ အကွဲအပြဲများ၊ ဝေဖန်မှုများအောက်တွင် အရှက်ရခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်စေလိုက်သည်။ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြားဦးစားပေးကိစ္စများသို့ ပြောင်းသွားခဲ့သည်။ အဏုမြူအသိပညာ၊ အဏုမြူပါဝါ ရှာပုံတော်ဆီသို့ ဦးမလှည့်နိုင်တော့။ ဤသို့နှင့် တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော UBAEC ၏ ကံတောက်ပမှုသည်လည်း ကွယ်ပျောက်ခဲ့ရသည်။

စစ်အေးတိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဈေးပေါပေါဖြင့် အဏုမြူပါဝါ ရရှိမည်ဟူသော ကိစ္စများမှာ မဖြစ်နိုင်တော့။ ပို၍ ခက်ခဲလာသည်နှင့်အတူ မြန်မာနိုင်ငံ၏ အဏုမြူရည်မှန်းချက်ကိုလည်း ရင်ထဲသိမ်းထုတ်ထားလိုက်ရတော့သည်။ တိုင်းပြည် တော်တော်များများက နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုများနှင့် နျူကလီးယားစက်ရုံများ တည် ဆောက်နိုင်ခွင့်ရရှိခဲ့ ကြသော်လည်း မြန်မာနိုင်ငံ၏ အတိအကျ ဘက်မလိုက်ကြားနေရေးမူဝါဒကြောင့် အမေရိကန် ပြည်ထောင်စုထံမှရော၊ ရုရှနိုင်ငံ နှစ်နိုင်ငံစလုံးမှပါ နျူကလီးယားဆိုင်ရာ အကူအညီများ ရယူနိုင်ခြင်း မရှိခဲ့ပါ။ ဤအခွင့်အရေးများ လက်လွတ်ဆုံးရှုံး ခဲ့ရပြန်သည်။ နောက်ပိုင်းတွင် ဦးလှညွှန့်သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တွင် အကြီးတန်းအရာရှိအဖြစ် ဆက်လက်အလုပ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ပြည်ပတွင်ပင် သူကွယ်လွန်ခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံခြားတိုင်းပြည်များတွင် ပညာသင်ကြားခဲ့ကြသော တက္ကသိုလ်ကြီးများတွင် တာဝန်ထမ်းဆောင် နေကြသည့် ပထမနှင့် ဒုတိယမျိုးဆက်၊ လက်တဆုပ်စာ ရူပဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ (UBARI) တို့သည် အခြေခံ နျူကလီးယားသိပ္ပံ အသုံးချ သုတေသနကို ဆက်လက် သင်ကြားဆဲ၊ လေ့လာဆောင်ရွက်ဆဲ ပြုနေခဲ့သည်။

နျူကလီးယား သုတေသနစင်တာ တခုတည်ဆောက်ရေးအပြင် (IAEA) နှင့် အစိုးရအထောက်အပံ့များဖြင့် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ရေး မျှော်လင့်ချက်ကိုလည်း ဆက်လက်ကိန်းအောင်းနေခဲ့ကြသည်။ (IAEA) နှင့်ရင်းနှီးသော အစိုးရများ၏ နည်းပညာအကူအညီများနှင့် ၁၉၆၀ ခုနှစ်အစောပိုင်းကာလများမှစ၍ ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်တွင် ဘွဲ့ကြိုတန်းကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသန ပညာရှင်များ အတွက် နျူကလီးယားဓာတ်ခွဲခန်းတခု တည်ဆောက်လည်ပတ်ထားခဲ့သည်။ ဘွဲ့ကြိုဂုဏ်ထူးတန်း သင်ခန်းစာများတွင် နျူကလီးယား ရူပဗေဒအား မသင်မနေရဘာသာရပ်တခုအဖြစ် သင်ကြားစေခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင် ကျင့်သုံးခဲ့သော အဓိက ဦးစားပေး ဘာသာ “မေဂျာ”ယူရသော ပညာရေးစနစ်သစ်အောက်ရှိ မဟာဘွဲ့များတွက် စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်သော ဘာသာရပ်တခုအဖြစ် သင်ကြားပြသခဲ့ကြသည်။

နောက်နှစ်များတွင် မန္တလေးတက္ကသိုလ်ကလည်း အလားတူ သင်ကြားမှု ပုံစံမျိုး ဆက်လက်ကျင့်သုံးခဲ့ကြသည်။ အလားတူပင် (UBARI) ကလည်း ၁၉၅၀ ခုနှစ်များတွင် သုတေသနစာကြည့်တိုက်နှင့် သတင်းအချက်အလက်စင်တာများကို တည်ထောင်ခဲ့ပြီး ထိန်းသိမ်းဖွင့်လှစ်ထားခဲ့သည်။ ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ရေဒီယိုအိုင်ဆိုတုပ် အသုံးချ ဘာသာရပ်၊ ကျန်းမာရေးရူပဗေဒဘာသာရပ်၊ ဓာတ်သတ္တိကြွထိန်းချုပ်မှုဘာသာရပ်၊ စက်မှုလုပ်ငန်းအသုံးချ ဘာသာ ရပ်များနှင့် ဓာတ် သတ္တု ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဘာသာရပ် နယ်ပယ်များတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် အခြား ဖြစ်ထွန်းဖွံ့ဖြိုးစေမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ (IAEA) ၏ ရုပ်ဝထ္ထုပစ္စည်း၊ သင်တန်းအထောက်အပံ့နှင့် ကျွမ်းကျင်မှုနည်းပညာအထောက်အပံ့စသော နည်းပညာအကူအညီများ ဆက်လက်ရယူ နေခဲ့သည်။ ၁၉၆၀ နှောင်းပိုင်းနှစ်များတွင် တော်လှန်ရေးကောင်စီသည် သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ဟု ခေါ်ဝေါ်သော ၀န်ကြီးအဆင့် သုတေသနကြီးကြပ်ရေးအဖွဲ့တခုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများနှင့် ဖွဲ့စည်းလာ ခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏စီမံမှုအောက်တွင် အဏုမြူစွမ်းအင်ကော်မတီကို ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ၁၉၇၀ ခုနှစ်များ အတွင်းတွင် ၎င်းကော်မတီက မြန်မာနိုင်ငံ နျူကလီးယားသုတေသနလုပ်ငန်းများ အားလုံးကို ကြီးကြပ်ခဲ့သည်။

နျူကလီးယားဓာတ်ပေါင်းဖို အသေးစားတခုတည်ဆောက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဤကော်မတီတွင် ဆွေးနွေးခဲ့ ကြသည်။ အဆင့်နှိမ့်ထားသော သင်တန်း၊ သုတေသနဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေးနှင့် အထွေထွေ အက်တမ်ပိုင်းဆိုင်ရာ အမေရိကန်ပုံစံ အစီအစဉ် American TRIGA (Training, Research Isotope Production, General Atomic) တခုကို ဒေါ်လာ ၅ သိန်းအောက်တန်ဖိုးမျှဖြင့် တည်ဆောက်နိုင်ရေးအတွက် ကမ်းလှမ်းရန် ထိုအချိန်က စဉ်းစားခဲ့ကြသေး သည်။ သို့သော် လက်တွေ့တွင် အကောင်အထည် ပေါ်မလာခဲ့ပေ။ အကြောင်းမှာ နိုင်ငံခြားငွေ မရှိသလောက် ပြတ်တောက်နေ ခြင်းနှင့် တပါတီဆိုရှယ်လစ်အစိုးရ၏ အာဏာအ၀န်းအ၀ိုင်းထဲတွင် ဤအစီအစဉ်အတွက် စည်းရုံးပေးမည့် ဦးကိုင်ဖခင် တဦးမျှ မရှိသောကြောင့် ဖြစ်သည်။ ယခုဆိုလျှင် ဦးသောင်းက ဤအဏုမြူအစီအစဉ်အတွက် ဦးကိုင်ဖခင်ဖြစ်လာခဲ့သည်။ စစ်အုပ်စု၏ခေါင်းဆောင် ဗိုလ်ချုပ် မှုးကြီးသန်းရွှေကိုလည်း နားချထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သဘာဝဓာတ်ငွေ့ရောင်းရငွေများမှ နိုင်ငံခြားငွေ အမြောက် အများလည်း လှိမ့်၍ရနေချိန် ဖြစ်သည်။ ၁၉၉၇ ခုနှစ် သူ၏၀န်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော အဏုမြူစွမ်းအင်ဌာနသည်လည်း ဓာတ်ပေါင်းဖိုကို အခြေခံသော နျူကလီးယားသုနေသန ဌာနတခု တည်ဆောက်ရန် တာဝန်ကို အထမြောက်အောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်အပြည့် ရှိနေပုံ ရသည်။ (ဦးသောင်း၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တနှစ်စော၍ ဖွဲ့စည်းခဲ့သည်။) မြန်မာပြည်တွင် နျူကလီးယားသုတေသနလုပ်ငန်းများကို ထိရောက်လုံခြုံစွာ၊ ဘေးကင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိပါ သလားဟု မေးခွန်းမေးလာပါကလည်း မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာကတည်းက သန္ဓေတည်လာခဲ့သော နျူကလီးယား သုနေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြရန်ရှိနေသည်။

၎င်းတို့လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ကြာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်း (အဓိကအားဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ)နှင့် နိုင်ငံခြားပြည်ပ (ရုရှနိုင်ငံ) များတွင် နျူကလီးယား အတတ်ပညာရှင်များကို လေ့ကျင့် ပေးနေခဲ့သည်မှာ ဆယ်စုနှစ်တခုပင် ရှိတော့မည်ဖြစ်သည်။ ဤအချက်များကို ဦးသောင်းက မလွဲမသွေ ထောက်ပြနိုင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အရေးကြီးလှသောမေးခွန်းမှာ နျူကလီးယားလုပ်ငန်းများကို လုပ်နိုင်စွမ်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤအစီအစဉ်၏ ပွင့်လင်းမြင်သာမှုပင် ဖြစ်ပါသည်။

ထို့အပြင် ခက်ခဲပင်ပန်းစွာရထားသော နိုင်ငံခြား ငွေမာများကို မည်သို့မည်ပုံ စီမံသုံးစွဲသနည်းဟူသော သူတို့၏ ချင့်ချိန်စဉ်းစားမှုကိုလည်း မေးရန် ရှိပါသည်။ ဤ အဏုမြူ လုပ်ငန်းများအတွက် နှစ်စဉ်ကုန်ကျစရိတ် ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်းကုန်ကျပါလိမ့်မည်။ အမေရိကန် ဒေါ်လာ ဆယ်သန်းမှ သန်း တစ်ရာအထိလည်း ရှိနိုင်ပါသည်။ ဆင်းရဲသော မိမိတို့တိုင်းပြည်တွင် အခြေခံ လိုအပ်ချက်များဖြစ်သည့် သောက်ရေသန့်နှင့် လျှပ်စစ်မီးမှန်မှန် မပေးနိုင်သေးသောအချိန်၌ ဤကဲ့သို့သော အရေးပေါ် လိုအပ်ချက်များအတွက် နိုင်ငံတော်၏ ငွေမာများကို ပို၍အကျိုးရှိရှိအသုံးချရန် သင့်ပါကြောင်း တင်ပြလိုပေသည်။

မောင်သုတသည် နိုင်ငံရပ်ခြားတွင်နေထိုင်လျှက်ရှိသော မြန်မာပညာရှင်တဦးဖြစ်သည်။၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ မောင်သုတရေးသားသော Transparency Needed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments: