Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 10 November 2008

မြန်မာ့သတင်းသမားများအတွက် လုံခြုံမှု

တရားရုံးဝန်ထမ်းများလာဘ်မစားသင့်သည့် သတင်း ဖော်ပြမှုကြောင့် စောင့်ကြည့်ဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက် အဖမ်းခံရ
ဧရာဝတီမဂ္ဂဇင်း

ပြည်တွင်း အပတ်စဉ်သတင်းဂျာနယ် စောင့်ကြည့် (News Watch) ၏ အယ်ဒီတာတဦးနှင့် သတင်းထောက် တဦးကို ဗဟန်း တရားရုံးတွင် မျက်ကွယ်အမိန့် ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ် ချမှတ်ကာ ဖမ်းဆီးသွား ကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

လွန်ခဲ့သည့် ၁ လဝန်းကျင်က စောင့်ကြည့်ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သော တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ် ယူသည့်သတင်း ရေးသားမှုဖြင့် ယခုကဲ့သို့ ဖမ်းဆီးခဲ့သည်ဟု ထင်ကြောင်း သတင်း ဂျာနယ်အသိုင်းအဝန်းမှ သုံးသပ်သည်။

၎င်းသတင်းကို သတင်းထောက် ကိုထွန်းထွန်းသိန်းက ရေးသားခဲ့ပြီး အယ်ဒီတာ ဦးခင်မောင်အေးက ထည့်သွင်း ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

“ဘယ်နေ့က ဘယ်လို အမိန့်ချလိုက်လဲမသိဘူး။ ၅ ရက်နေ့ ည ၇ နာရီလောက်က လာဖမ်းသွားတာပဲ။ ဖမ်းတဲ့အချိန်မှာ ဘာလို့မှန်းတောင် မသိရဘူး။ ခုအင်းစိန်ထောင်ကို ပို့လိုက်ပြီ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် သတင်းတပုဒ် ဖြစ်သောကြောင့် မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက ခွင့်ပြုထားပြီး ဖြစ်ရာ ယခုကဲ့သို့ လက်လွတ်စပယ် ဖမ်းဆီးသည့်အနေအထား မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။

အယ်ဒီတာတဦးနှင့် သတင်းထောက်တဦး ဖမ်းဆီးခံရခြင်း ဟုတ်၊ မဟုတ် ဧရာဝတီမဂ္ဂဇင်းက စောင့်ကြည့် ဂျာနယ်သို့ ဖုန်းဆက်မေးမြန်းရာ ၎င်းဂျာနယ်မှ တာဝန်ရှိသူတဦးက ဟုတ်မှန်ကြောင်း ပြော၍ ဖုန်းချသွား ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းကတည်းက စ၍ ရေတွက်လျှင် စာနယ်ဇင်းနှင့် ဆက်စပ်သည့် အသိုင်းအဝန်းမှ ဖမ်းဆီး ခံရသူဦးရေ အနည်းဆုံး ၁၁ ဦးခန့်ရှိပြီဖြစ်သည်။ ထိုအထဲတွင် “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ် ထွက်သည့် ကဗျာ ရေးသားကာ အချစ်ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည့် ကဗျာဆရာစောဝေလည်း တဦးအပါအဝင် ဖြစ်သည်။

ဖေဖော်ဝါရီလကလည်း မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာ ကိုသက်ဇင်နှင့် ထုတ်လုပ်မှုမန်နေဂျာ ဦးစိန်ဝင်းမောင် တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဆက်လက်၍ ဂျာနယ်လစ် တဦးဖြစ်သူ ကိုဇော်သက်ထွေးနှင့် ၎င်း၏ အပေါင်းအပါ ၂ ဦး၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များကို ကူညီရာတွင် အားတက်သရောပါဝင်ခဲ့သည့် အီကိုဗစ်ရှင်းဂျာနယ်မှ မအိမ့်ခိုင်ဦးတို့ အဖမ်းခံရပြန်သည်။

စက်တင်ဘာလအတွင်းက ဖလားဝါးနယူးစ် ဂျာနယ်၏ သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို ပြည်ပ မီဒီယာ ဧရာဝတီ အား သတင်းပေးသည်ဟူသော စွပ်စွဲချက်ဖြင့် ထိန်းသိမ်းခဲ့ပြီး ၂ လခန့်အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။
“ဒီတိုင်းဆို ကျနော်တို့ သတင်းသမားတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ ထစ်ခနဲရှိဖမ်း။ ထစ်ခနဲရှိဖမ်းနဲ့။ ဒီကိစ္စဆိုရင် စာပေ စိစစ်ရေးမှာလည်း တာဝန်ရှိတယ်ဗျ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

No comments: