Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday, 5 October 2008

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၀)


အောင်ဝေး
စက်တင်ဘာ၊ ၂၀၀၈
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
ကျနော်တို့သင်္ဘော ကျုံမငေးဆိပ်ကမ်းကို ၀င်လာပြီ ဆိုကတည်းက ကျုံမငေးမြို့ လူထုကြီးရဲ့ ကမ်းလုံးညွတ် ကြွေးကြော်နေတဲ့ အသံတွေကို ကျနော်တို့ ကြားလိုက်ကြရပါပြီ။
ကျုံမငေးကို ၀င်လာတဲ့ အချိန်ကတော့ မနက်ပိုင်း ဖြစ်ပါတယ်။ ရွှေလောင်းဟာ ၀ါးခယ်မမြို့နယ် အပိုင်ပါ။ အခု ကျနော်တို့ရောက်လာတဲ့ ကျုံမငေးကလည်း ၀ါးခယ်မမြို့နယ်အပိုင်ပါပဲ။
ကျနော်တို့သင်္ဘောပေါ်ကလည်း ဒီမိုကရေစီ တော်လှန်ရေး သီချင်းတွေ ဖွင့်ပြီးဆိပ်ကမ်းကို ၀င်လာတာဆိုလေ တော့ကျုံမငေးမြို့ကြီးဟာအဲဒီမနက်ကသီချင်းသံတွေ၊ ကြွေးကြော်သံတွေနဲ့ဖုံးအုပ်သွားပါတော့တယ်။
ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ်ဝဲယာ လမ်းနှစ်ဖက် ပြည့်ညပ် တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်း ဖြဖြ ကြိုဆိုနေကြပါတယ်။ ကျုံမငေးမြို့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းတွေ၊ ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင် ပေးအပ်ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တဖက်က ပန်းစည်းတွေကိုပိုက်လို့၊ ကျန်တဖက်နဲ့ လူထုကို ဝှေ့ယမ်း နှုတ်ဆက်ပြီး လျှောက်လာပါတယ်။
ကျနော်နဲ့ ဗိုလ်ကြီးဝင်းထိန်တို့က ရှေ့ဆုံးကပါ။
အစီအစဉ်အရ ပထမဆုံး ကျုံမငေးစွယ်တော်ကို ဖူးကြဖို့ဖြစ်ပါတယ်။ စွယ်တော်တိုက်ကိုသွားတဲ့ လမ်းမပေါ် ကျနော်တို့ တက်လိုက်ကြပါတယ်။ အဲဒီမှာ ...
အဲဒီမှာပဲ ကျနော်တို့ရဲ့ရှေ့မှာ ကြီးစွာသော အဟန့်အတားတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့တာပါပဲ။
စစ်သားအယောက် လေးငါးဆယ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းလာတဲ့ လမ်းမ အလယ်ကောင်မှာ မုဆိုးဒူးထောက်၊ သုံးလေးတန်းဆင့်ပြီး သေနတ်တွေနဲ့ ကျနော်တို့ကို ချိန်ရွယ်လို့ ထားပါတော့တယ်။
ကျနော် ရှေ့ကိုလျှောက်သွားရင်း အမိန့်ပေးနေတဲ့ စစ်သား ဆရာကြီးကို ဒေါ်အောင်ဆန်းစုကြည် စွယ်တော်ဘုရား သွားဖူးမယ် ဆိုတဲ့အကြောင်း တင်ပြပြီး လမ်းကြောင်း တောင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ စစ်သားဆရာကြီးက ‘ဟေ့လူ ခင်ဗျား ရှေ့တိုးမလာနဲ့၊ ဟေ့လူ လုံးဝ ရှေ့တိုးမလာနဲ့’ ဆိုပြီး ကျနော့်ကို လှမ်းပြောပါတယ်။ ကျနော်လည်း ဟန်ကိုယ့်ဖို့ပဲ ဆိုပြီး ရှေ့ကို နောက်ထပ် နှစ်လမ်းသုံးလမ်း တိုးလိုက်တဲ့အချိန်မှာတော့...
‘ကျည်ထိုး၊ အသင့်ပြင်’ ဆိုတဲ့ အမိန့်သံနဲပအတူ သေနတ်မောင်းတွေ တဖြောင်းဖြောင်း ဆွဲတင်လိုက်ကြတဲ့ အသံတွေ မြည်ဟိန်း ထွက်ပေါ်လာပါတော့တယ်။
ရှေ့မှာတယောက်တည်း ကျွံထွက်နေတဲ့ ကျနော်လည်း ပထမတော့ နည်းနည်းကြောက်သွားပါတယ်။ နောက်တော့ ဣနြေ္ဒရရပဲကိုယ်ရှိန်သတ်လိုက်ပါတယ်။ အခုအမိန့်ပေးနေတဲ့သူက လက်မောင်းမှာ နှစ်ရစ်နဲ့ တပ်ကြပ်အဆင့်ပါ။
ဦးဝင်းထိန်
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့ အားလုံး ရှေ့မတိုးဘဲ နေရာမှာတင် ရပ်နေလိုက်ကြတယ်။ ကျနော် ဗိုလ်ကြီးဝင်းထိန်နဲ့ တိုင်ပင်ပါတယ်။ နေရောင်ကလည်း ကျည်ကျည် လောင်လောင် ပူပြင်းလာပါပြီ။ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အခြေအနေ တင်ပြလိုက်တယ်။ ‘အစ်မ ခဏလောက် အရိပ်ထဲမှာနားနေပါဦး’ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးအရွံ့ မရှိဘဲ ပကတိ ပြုံးရွှင် ကြည်လင်နေတဲ့ မျက်နှာနဲ့ လမ်းတဖက်က ဘတ်စ်ကက်ဘောကွင်းရှိတဲ့ ကျောင်းလေးရှေ့က အုတ်ခုံမှာ သွားထိုင်နေပါတယ်။
အမိန့်ပေးအော်ဟစ်နေတဲ့ တပ်ကြပ်စစ်သားကြီးကို ကျနော်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့က တာဝန်ရှိတဲ့ အထက်အရာရှိနဲ့ တွေ့ဆုံပြီး ဆွေးနွေးလိုကြောင်းပြောတဲ့အခါမှာတော့ အဲဒီ တပ်ကြပ်က ‘မလိုချင်ဘူး၊ ခင်ဗျားတို့ ထပ်ပြီး ရှေ့တိုးမလာပါနဲ့’ ဆိုပြီး သေနတ်တွေ ကျည်ထိုး မောင်းထိုး ဖြောင်းဒိုင်း ဖြောင်းဒိုင်း လုပ်ပြန်ပါရောပဲ။ အဲဒီအချိန်မှာပဲ ကျနော်တို့နောက်ကနေ ဖုန်းဖုန်း ဖုန်းဖုန်းနဲ့ စစ်ဗိုလ်တယောက် ဒရောသောပါး ပြေးလာပြီး သူ့လူတပ်ကြပ်ကို ‘ဆရာကြီး မလုပ်နဲ့၊ မလုပ်နဲ့’ လို့ ၀င်တားပါတော့တယ်။ သူကတော့ ၀ါးခယ်မမြို့နယ် မ၀တ ဥက္ကဋ္ဌ ဗိုလ်မှူးခင်အောင်လို့ ထင်ပါတယ်။ ဗိုလ်မှူးခင်အောင်နဲ့ ကျနော်တို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် စွယ်တော် ဘုရားဖူးဖို့၊ NLD တိုက်နယ်ရုံးမှာ ဒီမိုကရေစီလူထုနဲ့ တွေ့ဆုံဖို့ကိစ္စတွေ အားလုံး အဆင်ပြေလို့ သွားပါပြီ။
စစ်တပ်က ကျနော်တို့အဖွဲ့ကို အထူး မေတ္တာရပ်ခံတာကတော့ မြို့လူထု အနေနဲ့ ဆူဆူပူပူ လုပ်ပြီး အကြမ်းမဖက်ဖို့ပါပဲ တဲ့။ မြို့လူထု အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ချစ်တဲ့စိတ်၊ ထောက်ခံတဲ့စိတ်နဲ့ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’လို့ ကြွေးကြော် ဆုတောင်း မေတ္တာပို့သနေကြတာပါ။ လူထုဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ အဲဒီနေ့က ကျုံမငေးမှာ စစ်တပ်အခြံအရံနဲ့ စွယ်တော် ဖူးခဲ့ရတယ်။ စစ်တပ်အခြံအရံနဲ့ NLD ရုံးမှာ လူထုနဲ့ တွေ့ဆုံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း ပြောနေတဲ့ အချိန်မှာ စစ်သားတွေဟာ သေနတ် အောက်စိုက်ပြီး နားစွင့်နေကြတာပဲ မဟုတ်လား။ ကျနော်တို့ လပွတ္တာကို ရှေ့ခရီးဆက်ဖို့ သင်္ဘောဆိပ်ကို ပြန်ဆင်းလာတဲ့ လမ်းမှာတော့ စစ်တပ်က ဘယ်လိုမှ ထိန်းလို့မရတော့တဲ့ လူအုပ်ကြီးကို ဖြိုခွဲဖို့ ကျနော်တို့ကို ဟန့်တားခဲ့တဲ့ တပ်ကြပ်ကပဲ ကျနော့်ဘေးကနေ သေနတ်သံ လေးငါးဆယ်ချက် မိုးပေါ်ထောင်ဖောက်လိုက်ပါတော့တယ်။ ဒါဟာလည်း လူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ကြောက်နဲ့ ဂုဏ်ပြုလိုက်တဲ့ သေနတ်သံတွေလို့ပဲ ကျနော်တို့ အားလုံး မှတ်ယူလိုက်ကြတယ်လေ။ ကျုံမငေးမြို့သူ မြို့သားများ ကျန်းမာ ချမ်းသာ ဘေးရန်ကင်းဝေးကြပါစေ။
*မိုးမခ မှ ရယူတင်ဆက်ပါသည်။ (မူရင်း - Radio Free Asia, Burmese Service)

No comments: