နိုဝင်ဘာ ၁၆၊ ၂၀၁၀ မိုးမခ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့ နောက်၊ ရက်ပိုင်းအတွင်းမှာ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ လူထု တရပ်လုံးက ဘယ်လိုမျိုး ၀ိုင်းဝန်းဆောင်ရွက်ကြမလဲ ဆိုတဲ့ မေးခွန်းက အားလုံး ရင်ထဲမှာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အချက်တခုဖြစ်တဲ့ - ဒီမိုကရေစီကွန်ယက် ဆိုတာကို အများက အထူး စိတ်ဝင်စားကြပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်ကိုပဲ မေးခွန်းထုတ်ဖြစ်ခဲ့ပြန်ပါတယ်။
ယခင် ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးများမှာ ဆရာပြောခဲ့ဖူးတဲ့အတိုင်း ပြန်ကောက်နုတ်ရမယ် ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့ အင်န်အယ်ဒီပါတီဟာ အထက်အောက် (ဒေါင်လိုက်) စီးဆင်းတဲ့ ဆက်ဆံရေးနဲ့ အလုပ်လုပ်တာထက်စာရင် အလျားလိုက် ကွန်ယက်များသဖွယ် လူထုနဲ့ ပါတီဝင် လူငယ်တွေ၊ အောက်ခြေက မြို့၊ ရွာ၊ ကျေးလက်အထိ ထိစပ် ဖြန့်ကျက်ပြီး လုပ်ကိုင်ကြရမယ် ဆိုတဲ့အတိုင်း ၂၀၁၀ မတ်လကစလို့ ယခု နိုဝင်ဘာလအထိ ရွေးကောက်ပွဲသပိတ်မှောက်ကာလ ၇ ကျော် ၈ လ နီးပါးကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်ရဲ့ အကျိုးရလဒ် ထိရောက်မှုကတော့ မြန်မာပြည်က နိုင်ငံရေးပရိသတ် အသိဆုံး ဖြစ်မယ် လို့ ထင်ပါတယ်။
အခုတဖန်မှာလည်း နိုင်ငံတကာက အင်တာနက်နက်ဝပ်ရဲ့ အစိတ်အပိုင်း ဥပမာတခုဖြစ်တဲ့ Facebook နဲ့ Tweeter ရဲ့ ဖြန့်ကျက်မှုမျိုး၊ ထိတွေ့ ဆက်စပ်မှုမျိုးကို စိတ်ဝင်စားတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တဖန် မြန်မာပြည်တွင်းရဲ့ နည်းပညာ၊ ဆက်သွယ်ရေးနဲ့ပညာရေး စိန်ခေါ်မှုတွေကို ဖြတ်ကျော် ရင်ဆိုင်ရမယ်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ မြန်မာပြည်ကနေ နိုင်ငံတကာအထိ ကျော်ဖြတ်ဆက်စပ်တဲ့ ဒီမိုကရေစီကွန်ယက်နဲ့ ကျမတို့ လက်တွဲ ထူထောင်သွားကြမယ်လို့ ပြောလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုပဲ မေးခွန်းထုတ်ခဲ့ရပြန်တာ ဖြစ်ပါတယ်။
ဆရာက မိုးမခကို ဖြေကြားရာမှာ …
“ဒီရက်ပိုင်းအတွင်းကတော့ အားလုံးမှာ အလုပ်တွေ များနေကြတော့ အေးအေးဆေးဆေး မရှိကြပါဘူးကွာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအသေးစိတ်တွေ၊ သတင်းစာရှင်းလင်း အဖြေတွေကိုတောင်မှာ ရေဒီယိုသတင်း တွေထဲကနေ သေချာ ပြန်နားမထောင်ရသေးဘူး။ နောက်ပြီး မီဒီယာက အခုလိုမျိုး ဖုံးဆက်နေရင် ဖြေနေရသေးတော့ သတင်းတွေတောင် နားမထောင်လိုက်ရဘဲ လွတ်သွားတာတောင် ရှိနေတယ်။ သို့သော် ဒီကြားထဲကနေပြီးတော့ ကျနော် သိရှိသလောက်၊ နားလည်သလောက် ပြောရမယ် ဆိုရင်တော့ …
နက်ဝပ်ပုံသဏ္ဍန်ကတော့ ကျနော်တို့အတွက် အလုပ်ဖြစ်တဲ့ ပုံသဏ္ဍန်ပဲ ဆိုတာကို ကျနော်တို့ ပြောဖြစ်ကြတယ်။ ပါတီကြီး တခု ပုံမှန်တရားဝင် အခြေတကျလုပ်ကိုင်နေသလိုမျိုး ကျနော်တို့ အထက်အောက်၊ စီအီးစီတွေ ဘာတွေနဲ့ ညွှန်ကြားနေမယ် ဆိုတာမျိုးကတော့ အင်န်အယ်ဒီရဲ့ ခုလို အနေအထားမျိုးနဲ့က လုပ်လို့ မရသေးဘူး။ ကိုယ့် အစုအဖွဲ့ ကလေးတွေနဲ့ နက်ဝဒ်လေးတွေ ရှိကြမယ်။ ထိတွေ့နေကြမယ်။ အဲသည် နက်ဝဒ်တွေ တခုလုံးကနေပြီးတော့ ခေါင်းဆောင်မှုကို ခံယူလာတာ ဒါမျိုးတွေ ရှိမယ်။ သည်လိုပဲ တွေးလို့ရမယ်။
အဲဒါကြောင့် Network for Democracy ဆိုတာမျိုးကို လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒီလိုမျိုးနဲ့ Network for Democracy of the people, by the people, for the people လို့ လင်ကွန်းရဲ့ စကားမျိုးလို ကိုးကားပြီး ပြောတာပေါ့ကွာ။ ဒါကိုလည်း တဖြေးဖြေးချင်း စဉ်းစား၊ ဆွေးနွေး၊ အချိန်ယူ ပုံကြမ်းထုတ်ပြီး လုပ်ပြီး ထုတ်ပြောရမှာပဲ လို့ ထင်ပါတယ်။ ကျနော်က သည်လိုမျိုး ပြောပါတယ်။ မြို့နယ်တွေကလည်း သူတို့အချင်းချင်း နက်ဝဒ်လေးတွေ ဖွဲ့ပြီးလုပ်ကြ၊ အဲသည်ကနေပြီး ဗဟိုကိုယ်တိုင်ကလည်း one of the unit ပေါ့ ဟုတ်လား။ ကျနော်ကိုယ်တိုင်လည်း အဲသလိုမျိုး အခု ၇ လ ၈ လအတွင်းမှာ အထက်က အမိန့်ပေးပြီး လုပ်ခိုင်းတယ် ဆိုတာမျိုးထက် ကိုယ့်အစုအဖွဲ့တွေက သဘောပေါက် နားလည်ပြီး လုပ်ကိုင်ကြရတာမျိုး ဖြစ်တယ် ဆိုတာကို ကျနော့်အတွေ့အကြုံအတိုင်း ပြောပြပါတယ်။
ကျနော်တို့မှာ နိုင်ငံရေးအရက League for Democracy ဆိုတာ ဟုတ်လား၊ National League for Democracy ဆိုတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်တဲ့ Network for Democracy ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားလာတယ်လို့ ကျနော်က ထင်မြင်ပါတယ်။ အပြင်က ဘလော့ဂ်ဂါတွေ၊ ဖေ့ဘွတ်တွေ၊ တွစ်တာတွေ ဟုတ်လား၊ မင်းတို့အပြင်က ဟာတွေကို သူ့အနေနဲ့ စိတ်ဝင်တစား စောင့်ကြည့် သုံးသပ်ပြီး ပြောတဲ့ သဘောလို့ ထင်တယ်။ အသေးစိတ်တော့ ကျနော်တို့တွေက ဘယ်သိသေးမလဲ။ အားလုံးက ၀ိုင်းပြီး ပါဝင်ပတ်သက်ကြရမယ် လို့ ထင်ပါတယ်။
နောက်ထပ်မေးခွန်းတွေ၊ ဖြေရှင်းရမယ့်ဟာတွေကလည်း အများကြီး ရှိသေးတယ်လေ။ နိုင်ငံရေးမှာ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခမ်းကဏ္ဍတွေ တိုးတက် မြင့်မားလာအောင် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ဆီမှာ ရှိတဲ့ လူငယ်တွေက ညံ့နေတာလား၊ ဒါမှမဟုတ် တခြားလူငယ်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် ဘယ်နေရာတွေမှာ အားနည်းနေ တာလဲ၊ ဒါတွေကို သုံးသပ်ကြဖို့ လိုတယ်။ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေလည်း ဘယ်လို ဆက်သွားကြမှာလဲ။ ဒါတွေ ရှိသေးတယ်။
ဟုတ်ကဲ့ပါဆရာ … နိုင်ငံရေး အခန်းကဏ္ဍတွေတင်မကဘဲ Network for Democracy ဆိုတဲ့အတွက် ကျယ်ပြန့်တဲ့ မြန်မာကွန်မြူနီတီတွေရဲ့ Social Network တွေဆီကိုပါ သက်ရောက်မှု ရှိလာမယ်လို့ ထင်ပါတယ် ဆရာ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီ ဖြစ်တယ်လေ။ မင်းတို့လည်း ကြားမှာပေါ့။ ကျမတို့ဟာ အင်န်အယ်ဒီဟာ နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းအနေနဲ့ပဲ ဆက်လက် ရပ်တည်သွားမယ်။ အင်န်ဂျီအိုလည်း မဟုတ်ဘူး။ social welfareတွေကိုပဲ လုပ်သွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းပြသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ပါတီစခါစကတည်းက လူမှုအထောက်အကူလုပ်ငန်းအဖွဲ့တွေ ဆိုတာ ရှိပြီး ဖြစ်တယ်။ သူတို့တွေက အစိတ်အပိုင်းတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတခုအနေနဲ့က ဆိုရှယ်ဝဲဖဲတွေဆိုတာ သက်ဆိုင်နေတာပဲ၊ ပတ်သက်နေရတာပဲ။ ဒါက ပြည်သူတွေနဲ့ သက်ဆိုင်တယ်၊ ပတ်သက်တယ် ဆိုတာပဲ။ ဒါကို ငြင်းပယ်တာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောပါတယ်။
ဆရာပြောချင်တာက ဆိုရှယ်ဝဲဖဲဆိုတာတွေ၊ လူမှုအထောက်အကူပြုလုပ်ငန်းတွေဆိုတာကို ပါတီအနေနဲ့ ဆက်စပ် ပတ်သက်မှုတွေ ရှိနေတယ်။ ရှိခဲ့ပြီး ဖြစ်တယ်။ သို့သော် ဒါတွေကိုပဲ ဇောက်ချပြီး လုပ်နေတဲ့ အဖွဲ့လို့ မမြင်စေချင်တဲ့ သဘော၊ မဖြစ်စေချင်တဲ့ သဘောလို့ ပြောရင်ရမယ်နဲ့ တူတယ်နော် ဆရာ။
ဟုတ်ပါတယ်။ ကျနော်တို့တတွေက လူမှုထောက်ကူလုပ်ငန်းတွေကိုလည်း ကျယ်ပြန့်နိုင်သမျှလုပ်နေတာတွေ ရှိနေပါတယ်။ မဖြူဖြူသင်းတို့ အေအိုင်ဒီအက်စ် အိပ်ခ်ျအိုင်ဗီ လူနာတွေကို ထောက်ကူတဲ့ လုပ်ငန်းတွေ။ နယ်တွေမှာ ကိုယ်ရေပြားရောဂါသည်တွေ စောင့်ရှောက်ဖို့ လုပ်နေတဲ့ အစီအစဉ်ရှိတယ်။ ဆေးခန်းရှိတယ်။ ဘုန်းကြီးကျောင်း ပညာသင်ကြားရေးကို ထောက်ကူတာတွေ ရှိတယ်။ နောက်ပြီး လေဘေးကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးတွေ လုပ်ခဲ့တာတွေ လုပ်နေတာတွေ ရှိတယ်။ သည်နေရာမှာ ဘာကို တခု သဘောပေါက်ရမှာလဲ ဆိုတော့ လူမှုထောက်ကူလုပ်ငန်းတွေ လုပ်တိုင်းမှာလည်းပဲ ကျနော်တို့ နက်ဝပ်တွေမှာ အတားအဆီး အနှောက် အယှက်တွေ ကြုံနေရတာတွေ အများကြီး ရှိတယ်။ ဥပမာ - အင်န်အယ်ဒီဆိုပြီးတော့ ၀င်ပြီး ကူညီခွင့်မရတာမျိုး၊ အခု နိုင်ငံရေးပါတီဖြစ်သွားတဲ့ ကြံ့ဖွံ့အသင်းကြီးကိုယ်တိုင်က ကျနော်တို့တတွေရဲ့ လူမှုထောက်ကူလုပ်ငန်းတွေကို ကျယ်ပြန့် မလာအောင် လုပ်ခဲ့တာတွေ ရှိတယ်။ ဆိုတဲ့အချက်တွေကြောင့် ကျနော်တို့မှာ စဉ်းစားစရာတွေ၊ ဆင်ခြင်သုံးသပ် ပြင်ဆင်စရာတွေ အများကြီး ရှိတယ်လို့ ပြောချင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ခုမှ အပြင်ကို ထွက်လာပြီး ပြောရ ဆိုရ ဖြစ်တဲ့အတွက် ကျနော်တို့တတွေ အားလုံးက အချိန်ယူပြီးတော့ စဉ်းစားတာတွေ၊ တိုင်ပင်တာတွေ၊ ဆွေးနွေး ပြင်ဆင်တာတွေ လိုအပ်ပါတယ်။ အသေးစိတ်ကို နားလည် သဘောပေါက်နိုင်ကြဖို့ပေါ့။ တော်ကြာ အဓိပ္ပါယ် အကောက်လွဲတာတွေ ဖြစ်သွားတာ မျိုးတွေကို ကျနော့်အနေနဲ့ မလိုလားပါဘူး။
No comments:
Post a Comment