“ရုရှားပိုင်နက် ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ ရုရှားသမ္မတ တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ဒီထဲမှာ အဝေးလံ၊ အသီခေါင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဟောဒီကျွန်းစုလည်းပါတယ်”
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေသည့်ကျွန်းသို့ သွားရောက်လည်ပတ်ရင်း ရိုက်ကူးလာသည့်ပုံကို ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က Twitterတွင် လွှင့်တင်ခဲ့ရာ ဂျပန်အတွက် ဒေါသထွက်စရာ ဖြစ်နေကြောင်း သိရသည်။ မက်ဗီဒက်ဗ်သည် နိုဝင်ဘာ (၁)ရက်နေ့က ကူရီလ်ကျွန်းစု ဒေသသို့ သွားရောက်ခဲ့ခြင်းသည် ယင်းကျွန်းမှာ ရုရှားပိုင်ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာလိုသော လုပ်ရပ်မျိုး ဖြစ်နေရာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ချက်ချင်းကန့်ကွက်ခဲ့သည်။ “ရုရှားပိုင်နက် ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ ရုရှားသမ္မတ တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ဒီထဲမှာ အဝေးလံ၊ အသီခေါင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဟောဒီကျွန်းစုလည်းပါတယ်”ဟု မက်ဗီဒက်ဗ်က Twitterတွင် ရေးထားသည့် ဓာတ်ပုံများအောက်တွင် စာရေးထားခဲ့သည်။
ထို့အပြင် “ကူရီလ်ကျွန်းစုကို ဒါပထမဆုံး ရောက်ဖူးတာပဲ။ ဒေသခံတွေနဲ့ စကားပြောခဲ့သလို မြေအောက်အပူဓာတ်ကနေ စွမ်းအင်ထုတ်တဲ့ စက်ရုံကိုလည်း သွားလည်ခဲ့သေးတယ်”ဟုလည်း မက်ဗီဒက်ဗ်ကရေးထားသည်။ ၎င်းသည် ဆိုဗီယက် ယူနီယံခေတ်နှင့် ရုရှားနိုင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းသော ကာလများတလျှောက် ကူရီလ်ကျွန်းစုသို့ ပထမဆုံး သွားရောက်လည်ပတ်သော သမ္မတ ဖြစ်လာခဲ့သည်။ ဂျပန်တွင် အဆိုပါ ကျွန်းစုကို မြောက်ပိုင်းနယ်မြေကျွန်းစုဟု ခေါ်ဝေါ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှီဂျီမီဟာရာက မက်ဗီဒက်ဗ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအား သံတမန်နည်းအရ ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။ အဆိုပါ ကျွန်းစုဒေသကို (၁၉၄၅)ခုနှစ်၊ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွင် ဆိုဗီယက်တပ်များက သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိတွင် ရုရှားအချုပ်အခြာအာဏာအောက်၌ ရှိနေသည်။ ဂျပန်နှင့် ရုရှားတို့သည် ထိုကျွန်းစု ပြဿနာကြောင့် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးကတည်းက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ကိစ္စမှာ ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း သိရသည်။
Source: XinhuaNet
No comments:
Post a Comment