Tuesday, 21 April 2009


သင်္ကြန်ပွဲတော်ရက်အတွင်း ကျောင်းသားများ ခေါင်းစည်းပုဝါ ပေးကမ်းလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့
Mon 20 Apr 2009, မိမွန်စွန်း
သင်္ကြန်အတွင်း ကျောင်းသားလူငယ်တစ်စု ဦးဆောင်ပြီး ခေါင်းစည်းပုဝါ ပေးကမ်းဖြန့်ဝေသည့် လှုပ်ရှားမှုတစ်ရပ်ကို မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည်။ ခေါင်စည်းပုဝါမှာ “No Free No Happy” (မလွတ်လပ်ဘူးဆိုရင် မပျော်နိုင်ဘူး) ဟု ဆိုထားပါသည်။

ဧပြီလ (၁၄) ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ခေါင်းစည်းပုဝါ ၁၅၀၀ ခန့်ကို မွန်ပြည်နယ်ရှိ မော်လမြိုင်၊ မုဒုံနှင့် သံဖြုဇရပ်မြို့များတွင် သင်္ကြန်ရေကစားသူများအား ဖြန့်ဝေခဲ့သည်ဟု သိရသည်။ မော်လမြိုင်မြို့ပေါ်၌ လမ်းမပေါ်တွင် သင်္ကြန်ရေကစားသူများကို ခေါင်းစည်းပုဝါများ ပေးကမ်းဖြန့်ဝေခဲ့သည်ဟု သိရသည်။

လှုပ်ရှားမှုကို ဦးဆောင်သည့် အဖွဲ့ဝင်တစ်ဦးက “ ကျွန်တော်တို့ ခေါင်းစည်းပုဝါတွေကို ဘာ့ကြောင့် ပေးကမ်းဖြန့်ဝေတာလဲဆိုတော့ ကျွန်တော်တို့ မြန်မာစစ်အစိုးရ လက်အောက်မှာ နေခဲ့ရတာကြာပြီ၊ ကျွန်တော်တို့မှာ လွတ်လပ်မှုမရှိဘူး၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်တွေ မရှိဘူး ကျွန်တော်တို့မှာလွတ်လပ်မှု မရှိဘူးဆိုရင် ပျော်ရွှင်မှုမရှိဘူးဆိုတာကို ပြည်သူလူထုကို ပေးသိစေချင်တယ်” ဟုပြောသည်။

မြန်မာအာဏာပိုင်တွေက အခုချိန်ထိ ခေါင်းစည်းပေးကမ်း ဖြန့်ဝေခြင်းနှင့် ပတ်သက်ပြီး အရေးယူတာ၊ ဖမ်းဆီးတာတို့ မရှိသေးဘူးဟု ၄င်းက ဆက်ပြောသည်။

ခေါင်းစည်းပုဝါ၏ အရောင်မှာ အမဲရောင်ဖြစ်ပြီး “No Free No Happy” စာသားကို အဖြုရောင်နှင့် ရေးထားပြီး ဂျိုးဖြုငှက်ပုံလည်း ပါဝင်သည်။

မော်လမြိုင်မြို့ခံများ၏ အဆိုအရ သင်္ကြန်အကြတ်နေ့တွင် လူငယ်တော်တော်များများက ခေါင်းစည်းပုဝါတွေ ပတ်ထားတာကို တွေ့ရပြီး အာဏာပိုင်တွေဘက်က ဖမ်းဆီးတာကို မတွေ့ရဘူးဟု ပြောသည်။

အာဏာပိုင်များက သင်္ကြန်ရက်အတွင်းတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းအဝတ်အစားနှင့် အလံများကို အသုံးပြုဝတ်ဆင်ပါက အရေးယူမည်ဟု မြန်မာအစိုးရပိုင် မီဒီယာများက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

မုဒုံမြို့ပေါ်ရှိ လူငယ်တစ်ဦးက “ သင်္ကြန်အကြတ်နေ့မှာ လူငယ်တွေက ခေါင်းစည်းပုဝါကို ပတ်ထားတာတွေ့ရတယ်၊ ကျနော့်သူငယ်ချင်း အချို့က ပုဝါထဲမှာ ဘာရေးထားတာကိုလည်း သေသေချာချာ နားမလည်ဘူး၊ ဒါပေမယ့် သူတို့က အလကားရလို့ ပတ်ကြတယ်၊ တချို့ကလည်း ရေးထားတာကိုသိတယ်၊ ဒါပေမယ့် သူတို့ကမကြောက်ကြဘူး” ဟုပြောသည်။

Newsupdate from http://www.monnews-imna.com/burmese/newsupdate.php?ID=250


လှည်းတန်း
နေမျိုးခိုင် (၈၈ မျိုးဆက်)
သောကြာနေ့၊ ဧပြီလ 17 2009 14:57 - မြန်မာစံတော်ချိန်


ခုနှစ်မိုင်၊ ခြောက်မိုင်ခွဲ

ပြီးတော့၊ ရန်ကုန်နဲ့ မြို့လယ်ခေါင်နဲ့

၆ မိုင်ပဲ ဝေးတယ်

ငါးလမ်းဆုံတဲ့ နေရာ။

ဈေးတန်း၊ သစ်ပင်တန်း

ရေကန်အင်းလျား၊ ကျောင်းသား

ဒါထက် သူ့ရဲ့နှလုံးသား

ရန်ကုန်ရဲ့ နှလုံးသား

ပြီးတော့ နိုင်ငံရဲ့နှလုံးသား

တက္ကသိုလ်ကြီး ရှိတယ်

အဲဒါ လှည်းတန်း။

နယ်ကလာတဲ့သူ အားလုံးအတွက်

လှည်းတန်းဟာ ရန်ကုန်အဝင်

လှည်းတန်းဆို လူတိုင်းသိ

နယ်ကလူ လှည်းတန်းမှာချ

လိုရာနေရာ သူ သွားနိုင်တယ်

အဲဒီလို ယဉ်ပါးတဲ့ လှည်းတန်း။

နယ်ကျောင်းသားတွေက ဆိုတယ်

“လှည်းတန်းဟာ ငါတို့ အိမ်ယာ

လှည်းတန်းဟာ ငါတို့ လယ်ယာ

လှည်းတန်းဟာ ငါတို့ ဘာသာ

လှည်းတန်းဟာ ငါတို့ အိမ်

လှည်းတန်းဟာ ငါတို့ မိုးတိမ်

ငါတို့ အနာဂတ်အားလုံးဟာ

လှည်းတန်းက စ, ခဲ့ကြရတယ်”

အဲဒီလို ထဲထဲဝင်ဝင် လှည်းတန်း။

တခါကဆို

လှည်းတန်း ညနေဈေးခင်းမှာလည်း

မျောဝင်သက်ဆင်းဖူးမှ

အင်းလျားညနေ မြက်ခင်းမှာလည်း

ခြေဆင်းဖူးမှ

အဓိပတိလမ်းမှာလည်း

လျှောက်ဖူးအုံးမှ

Library ရှေ့မှာလည်း ဓာတ်ပုံရိုက်ဖူးအုံးမှ

သစ်ပုတ်ပင်ကြီးပေါ်မှာလည်း

စာရေးဖူးအုံးမှ

ဖူးမှ …. ဖူးမှ … တခါက။

၁၉၂ဝ မှာ သမိုင်းလှခဲ့ပေမယ့်

၁၉၆၂ မှာ သေနတ်သံညံခဲ့တဲ့

၁၉၇၄ မှာ မီးလောင်တိုက် အသွင်းခံခဲ့ရတဲ့

၁၉၈၈ မှာ အဓိပတိလမ်းပေါ် လဲကျခဲ့ရတဲ့

သူ့အသည်းနှလုံးကို

လှည်းတန်းဟာ ရင်ခွင်ထဲ ထွေးထားခဲ့တယ်

ကျားကန်ပေးခဲ့တယ်

စင်မြင့်လုပ်ပေးခဲ့တယ်။

ဒါ တရား

လှည်းတန်းဟာ

အမှားမလုပ်ဘူး။

ဒါပေမဲ့

အမှန်တရားကို တန်ဖိုးမထား

အသစ်ကို မနှစ်သက်

လူငယ်ကို နားမလည်တဲ့

လက်သည် တရားခံ တစုက

လှည်းတန်းကို operation လုပ်

သူ့နှလုံးသားကို ဆွဲထုတ်ပြီး

အစိမ်းတောင် ပြန်ချုပ် မပေးခဲ့ဘူး

ပါသွားပြီ ပါသွားပြီ။

ခုဆို

အသားဟင်းသေးသေးနဲ့ ထမင်းတပွဲ

လေးကျပ်ခွဲနဲ့ ပေးစားခဲ့ရတဲ့

လှည်းတန်းရဲ့ ဦးဖျားမှာလည်း

ရဲကင်းတဲ တတဲ။

ခုဆို

အဓိပတိလမ်းကိုပိတ်

တက္ကသီလာ ဦးကင်းထိပ်မှာလည်း

မင်းအဆိပ်တွေနဲ့

စစ်ဟယ်, ဆေးဟယ်။

ခုဆို

ကိုကြီးနုတို့ ကိုအောင်ဆန်းတို့

နေခဲ့တဲ့ အိပ်ဆောင်တွေ

သင်ခဲ့တဲ့ စာသင်ဆောင်တွေလည်း

တိတ်နေ ဆိတ်နေ။

ဒါပေမဲ့

အမှန်တရားအတွက်

ပေးဆက်ကြမယ့် ပင်ပျိုများကို

လှည်းတန်းဟာ

ဘယ်သောအခါများကမှ လက်ပိုက်မကြည့်ဖူးဘူး။

ပစ်စလက်ခတ် အလုပ်ခံရတဲ့

အသည်းနှလုံးမဲ့ လှည်းတန်းကို

ဘယ်သောအခါမှလည်း တားဆီးမရဘူး။

ကမ်းပြိုရင် သောင်ထွန်းတယ်

ရန်ကုန်မိသားစုမှာ

လှည်းတန်းဟာ အပျိုမ

လတ်ဆတ်တဲ့ အသစ်တွေနဲ့

အမြဲဖြစ်နေတဲ့ ကညာ … ။။

Copy from - http://arzarni.blogspot.com/2009/04/blog-post_9570.html