Monday, 13 October 2008

ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ

အောက်တိုဘာ ၁၃၊ ၂၀၀၈

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။

GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။

GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။
GW တနှစ်ပြည့်တွင် ဖြန့်ဝေသည့်စာရွက်ပါပုံ -->
လွန်ခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က အဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသော GW အဖွဲ့ဝင် ကိုကျော်ဦးကိုလည်း မတရားအသင်း ဖွဲ့စည်းမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန် ဘားလမ်းရှိ ဗဟိုတရားရုံးတွင် ရုံးထုတ် ကြောင်း သိရသည်။ ၎င်းအား ကြည့်မြင်တိုင် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

“အခြေခံ လူ့အခွင့်ရေးတွေမရှိဘဲ အခုလို အာဏာပိုင်တွေက တရားဥပဒေမဲ့ ဆက်တိုက် ဖမ်းဆီးနေတာဟာ လက်ရှိ နအဖရဲ့ လမ်းပြမြေပုံ ၇ ချက်နဲ့ ဒီမိုကကရေစီလမ်းစဉ်ကို ဖော်ဆောင်နေပါတယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ဒီလိုပဲ ဒီဥပဒေအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ယုံကြည်နိုင်စရာမရှိပါဘူး” ဟု ကိုမိုဃ်းသွေးက ပြောသည်။ ယခုလို ဖမ်းဆီးနေသော်လည်း GW အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်၍အရှိန်မြှင့် တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ဟု GW ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားသည်။

ရန်ကုန် ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။
“အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။ လူကတော့ ကားပေါ် ပါတာအကုန်သေတယ်လို့ သတင်းရထားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးက နံနက် ၃ နာရီ ၅ မိနစ်တွင် ပြောသည်။ပေါက်ကွဲမှုဖြစ်ပွားပြီး ၅ မိနစ်ကျော်ခန့် အကြာတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၄ လမ်း၌ နေထိုင်သူ တဦးက ပြောသည်။“ဖြစ်တဲ့အချိန်က ၀ုန်း ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။ ကြားကြားချင်းအိမ်က စက်ဘီးနဲ့ သွားကြည့်တာ တိုက်ကြီးကား ပေါက်ကွဲတာလို့ သိလိုက်ရတယ်။ အလောင်းတွေဆိုတာ FAO ရုံးရှေ့မှ ပြန့်ကျဲနေတာပဲ” ဟု ၎င်းရပ်ကွက်သားက ဆိုသည်။ကားပေါ်တွင်ပါလာသည့် ခရီးသည်များမှာ တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာ ဈေးတွင် ကုန်များ လာရောက် ၀ယ်ယူသည့် ဈေးသည်များနှင့် ရန်ကုန်မြို့ထဲတွင် ဈေးရောင်း သွားမည့် ဈေးသည်များဖြစ်ကြသည်။
“အလောင်းတွေနဲ့ အတူ ပဲပြားတွေ၊ အမဲသားတွေက ပြန့်ကျဲနေတာပဲ။ လမ်းမပေါ်မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေမှာ ခေါင်းပြတ်တဲ့ အလောင်းတွေပြတ်နေတယ်။ ကားတခုလုံး ရစရာ မရှိအောင် ပေါက်ကွဲထွက်သွားတာ” ဟု ကြို့ကုန်း ရပ်ကွက်မှ မျက်မြင်သက်သေ တဦးက ဆိုသည်။ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသူများမှာ ယာဉ်မောင်း၊ စပယ်ယာ ၂ ဦးနှင့် ခရီးသည် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက် ၇ နာရီတွင် ရန်ကုန်တိုင်းရဲအရာရှိထံ ထပ်မံမေးမြန်းစုံစမ်းရာ “အခင်းဖြစ် တဲ့ နေရာကိုတော့ လုံးဝရှင်းလင်း လိုက်ပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ကားနဲ့ အလောင်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးရှင်း ထားတယ်။ ကုလသမဂ္ဂ ရုံးရှေ့ဖြစ်နေတော့ ချက်ချင်းရှင်းလိုက်တာ။ သွေးတွေကို မီးသတ်ကားနဲ့ ရေပက်ပြီး ဆေးတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပုံစံက ဗုံးပေါက်သလိုမျိုးပါ။ ဒါပေမယ့် လောလောဆယ် စစ်ချက် အရကတော့ ဂက်စ်အိုးပေါက်တာဖြစ်ဖို့ များနေတယ်” ဟု ပြောသည်။
မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ကလည်း ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံအနီးတွင် ၄၅ ဘတ်စ်ကားကြီး တစီး ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုတစ်ခုဖြစ်ပွါး


ဒီနေ့မနက် ၃နာရီဝန်းကျင်ခန့်က... ရန်ကုန်စက်မှု့တက္ကသိုလ်ရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ကြားပါတယ်။ရန်ကုန် တိုက်ကြီးကားတစ်စီးပေါ်မှာလို့ကြားသိရပါတယ်၊ ဗုံးပေါက်တာလား၊ ဂက်စ်အိုးပေါက်တာလားဆိုတာ.. သေခြာမသိရသေးပါ။ ဗုံးပေါက်တယ်လို့ယူဆရပါတယ်။ လူအသေအပျောက်များတယ်လို့သိရပါတယ်။ နောက်ဆုံးသတင်းများ ကိုဆက်လက်ဖေါ်ပြသွားပါမည်။